News

POST TAGGED AS

ယာဉ်လိုင်း

၄၅ ခရီးသည်တင် ယာဉ်လိုင်း ယာဉ်နောက်လိုက် မပါဘဲ ပြေးဆွဲ


ရန်ကုန်၊ စက်တင်ဘာ ၂၉ 

ခရီးသွား ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုကို လေ့လာ သုံးသပ်နိုင်ရန် စမ်းသပ်ကာလအဖြစ် ၄၅ ခရီးသည်တင် ယာဉ်လိုင်းတွင် ယာဉ်နောက်လိုက် မပါဘဲ ပြေးဆွဲလျက် ရှိကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ သိရသည်။ 

“နောင်တစ်ချိန်မှာ အများပိုင်စနစ် သွားရင် ကတ်စနစ်ကို အသုံးပြုရမှာ ဖြစ်တယ်။ ဒီအတွက် ခရီးသွား ပြည်သူ ပူးပေါင်းပါဝင်မှ စနစ်တစ်ခုကနေ နောက်တစ်ခုကို ရွေ့နိုင်မှာ ဖြစ်တယ်။ အခုလို ယာဉ်နောက်လိုက် မပါဘဲ စမ်းသပ် ပြေးဆွဲတာက ကတ်စနစ်ကို သွားချင်လို့ ရှေ့ပြေး လုပ်ဆောင်ချက်ပဲ ဖြစ်တယ်”ဟု ၄၅ ယာဉ်လိုင်းပိုင်ရှင် ဦးတရုတ်လေးက ဆိုသည်။ 

အဆိုပါ ယာဉ်လိုင်းတွင် ယာဉ် နောက်လိုက်ကို အသုံး မပြုဘဲ ယာဉ်မောင်းဘေးတွင် ကော်ခြင်းတစ်လုံး ထားရှိ ပြေးဆွဲခြင်းကို သြဂုတ်လဆန်းပိုင်းက စတင် စမ်းသပ်ခဲ့ပြီး ယာဉ်စီးခ ပေးဆောင်ခြင်း၊ ငွေပို ပြန်အမ်းခြင်းကို ခရီးသွား ပြည်သူကိုယ်တိုင် လုပ်ဆောင်ကြောင်း၊ ယင်းသို့ ပြည်သူ ပူးပေါင်း ပါဝင်မှုသည် စက်တင်ဘာလအတွင်း အောင်မြင်မှုများ ရရှိနေပြီ ဖြစ်ကြောင်း ၄၅ ယာဉ်လိုင်းထံမှ သိရသည်။ 

“ခရီးသွား ပြည်သူဘက်က အခုလို ပူးပေါင်း ပါဝင်ဖို့ကို ဝန်ဆောင်မှု ပေးခြင်းနဲ့ အချိန်ယူ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ အခုဆိုရင် ယာဉ်နောက်လိုက် ပါတာနဲ့ မပါတာ ဝင်ငွေက အတူတူပဲ ဖြစ်တယ်။ ရလဒ်က ယာဉ်နောက်လိုက် မပါတော့ စီးနင်းတဲ့ ခရီးသည်တွေ စိတ်ချမ်းသာမှု ရတယ်”ဟု ဦးတရုတ်လေးက ဆိုသည်။ 

အဆိုပါ လုပ်ဆောင်ချက်သည် ပြည်သူ ပူးပေါင်းပါဝင်မှု အားနည်းလျှင် အောင်မြင်နိုင်မည် မဟုတ်ဘဲ ယာဉ်စီးခ အတိအကျ မပေးခြင်း၊ ငွေစက္ကူ အဟောင်း အနွမ်းများ ပေးခြင်းနှင့် အခြားသော မသမာမှုများကို ခရီးသည်ဘက်က ကျူးလွန်လာပါက ယာဉ်အကူ ပြန်လည် ထားရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

ခရီးသည်တင် ယာဉ်လိုင်းများတွင် ယာဉ်နောက်လိုက် မပါခြင်းသည် ခရီးသွား ပြည်သူများအတွက် အဆင်ပြေမှုများ ရှိပြီး ယာဉ်လုပ်သားနှင့် ခရီးသွား ပူးပေါင်း ပါဝင်မှု အနေနှင့် မှန်ကန်အောင် လုပ်ဆောင်မှုများ ရှိသင့်ကြောင်း၊ စနစ်တစ်ခုကို ဖော်ဆောင်လျှင် နည်းစနစ် ကောင်းရန် လိုအပ်ကြောင်း အသက် ၄၉ နှစ်ရှိ ခရီးသည် အမျိုးသား တစ်ဦးက ပြောကြားသည်။ 

လက်ရှိ ၄၅ ခရီးသည်တင် ယာဉ်လိုင်းသည် အင်းစိန်၊ တညင်းကုန်း ဘူတာမှ ဆူးလေသို့ ပြေးဆွဲပြီး ယာဉ် ၂၁ စီးဖြင့်  ခရီးသည် နေ့စဉ် သယ်ယူ ပို့ဆောင်လျက်ရှိကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ သိရသည်။




FOLLOW US