News

POST TAGGED AS

ယာဉ်လိုင်းသစ်

YBS ၉၇ ယာဉ်လိုင်းသစ် ဇူလိုင်လ ၁၈ ရက်တွင် စတင်ပြေးဆွဲ
ရန်ကုန်၊ ဇူလိုင် ၁၈

ရန်ကုန်မြို့တွင်း YBS ယာဉ်လိုင်း ပေါင်း ၉၀ ကျော် ပြေးဆွဲလျက်ရှိရာ ယခု စီးပွားရေးတက္ကသိုလ်-ထောက်ကြန့် ခရီးစဉ် ကို YBS ၉၇ ယာဉ်လိုင်းသစ်ဖြင့် ဇူလိုင် လ ၁၈ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း လူထုမိတ်ဆွေပြည်သူ့ အကျိုးပြုယာဉ်လိုင်း ဒါရိုက်တာအဖွဲ့ဝင် ကိုတရုတ်လေးက ပြောကြားသည်။

အဆိုပါ ယာဉ်လိုင်းသစ်ဖွင့်လှစ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၈ ရက်၊ စီးပွားရေးတက္ကသိုလ်တွင် ကျင်းပခဲ့ပြီး လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းအနေနှင့် ပဉ္စမမြောက်ယာဉ်လိုင်းဖြစ်သည်။

YBS ၉၇ ယာဉ်လိုင်းကို ယာဉ်စီးရေ ၅၀ ဖြင့် စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)- တောင်မြောက်လမ်းဆုံ-သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-သုဝဏ္ဏလမ်းဆုံ-အေဘီစီ- စက်ရုံလမ်း-မင်္ဂလာဈေး-တာမွေဈေးဗလီ- တာမွေအဝိုင်း-ရွှေဂုံတိုင်-မြေနီကုန်း-မာလာဆောင်-ရှစ်မိုင်-စော်ဘွားကြီးကုန်း-ခရေပင်လမ်းခွဲ-အမှတ် (၃) လမ်းဆုံ-ပုလဲမြို့သစ်-နွယ်ခွေ-ထောက်ကြန့်အထိ ပြေးဆွဲမည်ဖြစ်သည်။

ယာဉ်စီးခအနေနှင့် စီးပွားရေးတက္ကသိုလ်မှ မြေနီကုန်းအထိ ကျပ် ၂၀၀၊ မြေနီကုန်းမှထောက်ကြန့်အထိ ကျပ် ၂၀၀ ဖြစ်ပြီး ခရီးစဉ် အစအဆုံး ကျပ် ၃၀၀ သတ်မှတ်ထားကြောင်း လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြုယာဉ်လိုင်းထံမှ သိရသည်။

“ယာဉ်စီးခကို YRTA က ခွင့်ပြုထားတဲ့ နှုန်းအတိုင်းပဲ ကောက်ခံတာဖြစ်ပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် မသတ်မှတ်ပါဘူး။ လောလောဆယ်တော့ ထပ်ပြီး ယာဉ်လိုင်းသစ်ပြေးဆွဲဖို့ မရှိသေးပါဘူး”ဟု ကိုတရုတ်လေးက ဆိုသည်။

လူထုမိတ်ဆွေပြည်သူ့အကျိုးပြု ယာဉ်လိုင်းသည် YBS ၇၈၊ ၉၃၊ ၉၄၊ ၃၂ ယာဉ်လိုင်းတို့ကို ယာဉ်စီးရေ ၂၀၀ ခန့်ဖြင့် ပြေးဆွဲခဲ့ပြီး ယခု YBS ၉၇ယာဉ်လိုင်းကို တိုးချဲ့ပြေးဆွဲခြင်းဖြစ်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

ဝန်ဆောင်မှုအနေနှင့် YBS ၉၇ ယာဉ်လိုင်းသစ် စတင်ပြေးဆွဲသည့်နေ့တွင် ခရီးသွားပြည်သူများ ယာဉ်စီးခ (အခမဲ့) ဖြစ်ပြီး မသန်စွမ်းပုဂ္ဂိုလ်များ၊ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်ဝန်ဆောင်များ၊ သံဃာတော်နှင့် သီလရှင်များ၊ မူလတန်းနှင့်အလယ်တန်းကျောင်းသား၊ ကျောင်းသူများအနေနှင့် လူထုမိတ် ဆွေ၏ YBS ၇၈၊ ၉၃၊ ၉၄၊ ၃၂၊ ၉၇ အစရှိသော မည်သည့်ယာဉ်လိုင်းများတွင်မဆို (အခမဲ့) စီးနင်းနိုင်သည်။ 

J-06



FOLLOW US