News

POST TAGGED AS

ယာဉ်မတော်တဆမှု

လားရှိုးမြို့ပေါ်သို့ စစ်ရှောင် ၅၀၀ ခန့် လာရောက်ခိုလှုံ
လားရှိုး၊ မတ် ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှ တိုက်ပွဲရှောင်သူဒေသခံ ၅၀၀ ခန့်မှာ လားရှိုးမြို့ပေါ်ရှိနေရာလေးခုသို့ ရောက်ရှိခိုလှုံလျက်ရှိကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်အောင်ထူးက ပြောကြားသည်။

လားရှိုးမြို့ပေါ်သို့ မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၇ ရက်နေ့အထိ ရောက်ရှိခိုလှုံနေသူပေါင်း ၄၉၁ ဦးရှိပြီး ၎င်းတို့သည် နမ္မတူမြို့နယ် နားဆိုင်းဒေသရှိ ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

ယင်းစစ်ရှောင်များအနက် ဗုဒ္ဓဘာသာဝင်များမှာ လားရှိုးမြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင် ခေတ္တနေထိုင်ကြပြီး ခရစ်ယာန်ဘာသာဝင်များသည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် ခေတ္တနေထိုင်ကြကြောင်း ၎င်းက ရှင်းပြသည်။

ကျောက်မဲ၊ သီပေါနှင့် နမ္မတူမြို့နယ် အစပ်များတွင် မတ်လ ၉ ရက်နေ့မှစတင်ကာ TNLA နှင့် RCSS/SSA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ပစ်ခတ်တိုက်ခိုက်နေမှုကြောင့် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများအပါအဝင် နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများက နီးစပ်ရာမြို့များသို့ တိုက်ပွဲရှောင် ရောက်ရှိခိုလှုံနေခြင်းဖြစ်သည်။

အဆိုပါစစ်ရှောင်များကို မိသားစုအသုံးအဆောင်ပစ္စည်း ၁၀ မျိုးပါပုံးများ၊ ဆန်၊ ဆီနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ထားကြောင်း လားရှိုးမြို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနထံမှ သိရသည်။ 

တိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ်ပေါင်းလေးမြို့နယ်ရှိ စခန်းပေါင်း၂၅ ခုတွင် လူပေါင်း ၇၅၇၄ ဦးက မှီခိုနေဆဲဖြစ်ပြီး နမ့်ခမ်းမြို့နယ်၊ နမ္မတူမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များရှိ စခန်းများသည် ၂၀၁၆ ခုနှစ်မှ စတင်ဖွင့်လှစ်ထားခြင်းဖြစ်ကာ စစ်ရှောင်ဒေသခံများမှာ နေရပ်သို့မပြန်နိုင်သေးဘဲ ယနေ့ထက်တိုင် မှီခိုနေရဆဲဖြစ်သည်။ 

အဆိုပါစခန်း ၂၅ ခုရှိ စစ်ရှောင်ဒေသခံများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးလျက်ရှိသည့်အပြင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ပူးပေါင်းစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောကြားသည်။

R-07
 



FOLLOW US