News

POST TAGGED AS

ယာဉ်စီးခ

သင်္ကြန်ကာလ ယာဉ်စီးခ ပိုတောင်းပါက တိုင်ကြားနိုင်


မန္တလေး၊ ဧပြီ ၅

သင်္ကြန်ကာလအတွင်း ယာဉ်စီးခ နှုန်းထားများ ပိုမိုတောင်းခံပါက စားသုံးသူရေးရာ ဦးစီးဌာန သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ (ဃှုဃဃ) များသို့ တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်း စားသုံးသူရေးရာ ဦးစီးဌာနထံမှ သိရသည်။

ယာဉ်စီးခနှုန်းထားထက် ပိုမိုတောင်းခံခြင်း၊ ဝယ်ယူထားသော ခုံနံပါတ်နှင့် လွဲမှားနေခြင်း၊ သတ်မှတ်နေရာသို့ရောက်အောင် မပို့ခြင်း၊ ခရီးစဉ်ကို အချိန်နှင့်တစ်ပြေးညီ မထွက်ခြင်း၊ လက်မှတ်ဝယ်ယူရာ၌ ကြေညာထားသည့် နေ့ရက်အတွက် ဝယ်မရခြင်းစသော ပြဿနာများကို တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်း စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဦးက ပြောကြားသည်။

“သင်္ကြန်ကာလနီးရင် ကားခတွေ ဈေးတက်တာရှိတဲ့အတွက် ကားကွင်းတွေမှာ ဟောပြောမှုတွေလုပ်တယ်။ ကားဂိတ်တွေမှာ ခရီးသွားဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေ အသိပေး ထုတ်ပြန်ချက်တွေ ပေးပို့ထားတယ်”ဟု ၎င်းက ပြောဆိုသည်။

ခရီးသွားပြည်သူများ ထိခိုက်နစ်နာမှုရှိပါက CICC နှင့်ဆက်သွယ်ကာ အကာအကွယ် ပေးသွားမည်ဖြစ်ကြောင်း သီရိမန္တလာကားကွင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးတင်စိုးက ပြောကြားသည်။

“ပွဲတော်ရက်တွေမှာ ဂိတ်အချို့က မသမာတဲ့နည်းနဲ့ ရောင်းချတာတွေ ရှိကောင်းရှိနိုင်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ကားဂိတ်အချို့သည် ပွဲတော်ရက် မတိုင်မီကတည်းက ကားလက်မှတ်များကို မှောင်ခိုရောင်းချသူထံ ဖြန့်ဝေထားပြီး ခရီးသည်များကို လက်မှတ်မရှိတော့ဟု ပြောဆိုမှုများရှိနိုင်ကြောင်း သီရိမန္တလာ ကားကွင်း စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များထံမှ သိရသည်။

“အပြင်မှာရှိတဲ့ လက်မှတ်မှောင်ခိုဂိတ်တွေမှာ ပြဿနာ အဖြစ်များတယ်။ ကားဝင်းထဲမှာ ရှိလာခဲ့ရင်လည်း ထိထိရောက်ရောက် အရေးယူစေချင်တယ်”ဟု သီရိမန္တလာကားဝင်းရှိ ပုံတောင်သား ကားဂိတ်တာဝန်ခံ ဦးပေါ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခ နှုန်းထားများ ပိုမိုတောင်းခံပါက CICC မန္တလေးတိုင်းရုံးဖုန်း ဝ၂-၄၀၃၆၃၄၀၊ ဝ၂-၄၀၃၆၃၃၉၊ ကျောက်ဆည်ခရိုင်ရုံးဖုန်း ဝ၆၆-၂၀၅၀၃၀၁၊ မြင်းခြံခရိုင်ရုံးဖုန်း ဝ၆၆-၂၁၀၆၄၊ မိတ္ထီလာခရိုင်ရုံးဖုန်း ဝ၆၄- ၂၃၁၀၂၊ ဝ၆၄- ၂၃၀၉၃ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်သည်။

(ဓာတ်ပုံ - မိတ္ထီလာခရိုင် စားသုံးသူရေးရာ ဦးစီးဌာန)

M-08



FOLLOW US