News

POST TAGGED AS

ယာဉ်စည်းကမ်း

ကရိန်းဆွဲ၍ ဖမ်းဆီးခံရသည့်ယာဉ် ပျက်စီးပါက ကုမ္ပဏီက လျော်ရမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကို ကရိန်းဖြင့်ဆွဲ၍ ဖမ်းဆီးရာတွင် ယာဉ်၏ ကိုယ်ထည်ပျက်စီးပါက ကရိန်းဝန်ဆောင်မှုကုမ္ပဏီက ပေးလျော်ရမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့သည်။

“ဝန်ကြီးက ယာဉ်ပျက်စီးသွားရင် ကုမ္ပဏီက လျော်ကြေးပေးရမယ့် တာဝန်ရှိတယ်လို့ ပြောတယ်။ ဒဏ်ကြေးပေးဆောင်တာနဲ့ ပတ်သက်ပြီးလည်း အဆင့်ဆင့် ဆောင်ရွက်နေရတာ။ အချိန်ကုန်တာ သက်သာအောင် One Stop Service ပုံစံ ဆောင်ရွက်ပေးမယ်လို့ ပြောတယ်” ဟု မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဆိုသည်။

စည်းကမ်းမဲ့ရပ်နားသည့် ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရန် ကရိန်းဆွဲခြင်းလုပ်ငန်းကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီနှင့် ဦးကျော်ရင် ကရိန်းဝန်ဆောင်မှုလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဝန်ဆောင်ခမှာ ကျပ်ငါးသောင်း ပေးရကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ကရိန်းယာဉ်ဖြင့် ဆွဲသည့်မော်တော်ယာဉ်များ ပွန်းပဲ့ပျက်စီးခြင်းအတွက် ကရိန်းဝန်ဆောင်မှုကုမ္ပဏီက တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိပါက မော်တော်ယာဉ်ပိုင်ရှင်အနေနှင့် အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံးထံ တိုင်ကြားနိုင်ကြောင်း ဒေါ်နီလာကျော်က ဒီဇင်ဘာလ ၁၅ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မော်တော်ယာဉ်များကို ကရိန်းဖြင့်ဆွဲရာတွင် ကရိန်းဝန်ဆောင်ခအတွက် လက်ငင်း ကျပ်ငါးသောင်းပေးချေရပြီး ယာဉ်၏ပျက်စီးမှုအတွက် ကုမ္ပဏီက ပြန်လည်ပေးလျော်ခြင်းမရှိဘဲ ယာဉ်ပိုင်ရှင်ကသာ ကုန်ကျခံပြင်ဆင်ရကြောင်း ကိုယ်ပိုင်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

စည်းကမ်းမဲ့ယာဉ်ရပ်နားပါက ပြစ်ဒဏ်အနေနှင့်ဒဏ်ကြေး ကျပ်နှစ်သောင်းခွဲကို စည်ပင်တရားရုံးသို့ တိုက်ရိုက်ပေးသွင်းရပြီး ကရိန်းဆွဲခြင်းဝန်ဆောင်ခ ကျပ်ငါးသောင်းကိုမူ ကရိန်းကုမ္ပဏီအနေနှင့် ကျပ်နှစ်သောင်းခုနစ်ထောင်နှုန်းဖြင့် အချိုးကျရရှိကာ တိုင်းအစိုးရအဖွဲ့က ကျပ်နှစ်သောင်းနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီက ကျပ်သုံးထောင်နှုန်းဖြင့် အသီးသီး ခွဲဝေပေးသွင်းရကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

စည်းကမ်းမဲ့ရပ်နားသည့် မော်တော်ယာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥပဒေ ၆၃(ဋ)နှင့် မော်တော်ယာဉ်ဥပဒေပုဒ်မ ၆၅ အရ ဖမ်းဆီးအရေးယူနိုင်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

J-06



FOLLOW US