News

POST TAGGED AS

ယဉ်ကျေးမှု

အဂါရဝဖြစ်စေသည့် အပြုအမူများကို အရပ်ဘက်ဥပဒေဖြင့် အရေးယူရန် ပြင်ဆင်

မန္တလေး၊ ဇွန် ၂၀

အင်းဝရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း အဂါရဝဖြစ်စေသည့် အပြုအမူများ ပြုလုပ်ပါက အရပ်ဘက် ဥပဒေများဖြင့် အရေးယူနိုင်ရန် ပြင်ဆင်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေး ဌာနခွဲ) အင်းဝ-ပင်းယဌာနစုထံမှ သိရသည်။

ရှေးဟောင်းဥပဒေတွင် အဂါရဝ ဖြစ်စေသည့် အပြုအမူများအတွက် အရေးယူနိုင်သည့် အချက်များ မပါဝင်ကြောင်း၊ ယင်းကြောင့် အရပ်ဘက် ဥပဒေများဖြင့် အရေးယူနိုင်ရန် သက်ဆိုင်ရာ ရဲဌာနများ၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းလျက်ရှိကြောင်း အင်းဝ-ပင်းယ ဌာနစုတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လတ်တလောတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးအတွက် သတိပေးချက် ၁၀ ချက် ပါဝင်သည့် သတိပေးဆိုင်းဘုတ်များကို အင်းဝရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စိုက်ထူထားကြောင်း၊ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားသည့် အဆိုပါ သတိပေး ဆိုင်းဘုတ်များကို ခရီးသွားများ လာရောက်မှုများသည့် လေးထပ်ကြီးကျောင်း၊ ညောင်ရမ်းခေတ် စေတီစု၊ ပင်းယဂူ၊ မယ်နုအုတ်ကျောင်း စသည့်နေရာများတွင် စိုက်ထူထားသည်။

“အရပ်ဘက်ဥပဒေ ဆိုတာကတော့ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ တားမြစ်ချက်မျိုးတွေကို ချိုးဖောက်တာပေါ့။ ဒါမျိုးဆိုရင် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ အမှုဖွင့်လို့ရတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ရဲအက်ဥပဒေတွေမှာလည်း ပြဋ္ဌာန်းထားတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာ ရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင်က ပြောကြားသည်။

အင်းဝရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ လေးထပ်ကြီးကျောင်းတွင် အဂါရဝဖြစ်စေသော ဝတ်စားဆင်ယင်မှုများဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများ ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်။

M-05



FOLLOW US