News

POST TAGGED AS

ယဉ်ကျေးမှု

ပုဂံဘုရားအဆူ ၅၀ ကို ကျပ်ငါးဘီလီယံခန့် အကုန်အကျခံ ပြုပြင်ထိန်းသိမ်းမည်

မန္တလေး၊ ဇွန် ၁၁

ငလျင်ဒဏ်သင့် ပုဂံဘုရားအဆူ ၅၀ ကို ကျပ်ငါးဘီလီယံခန့် အကုန်အကျခံကာ ယခုနှစ်အတွင်း ပြင်ဆင်ရန် လျာထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“ပြုပြင်ထိန်းသိမ်းရေးအဖွဲ့က ရွေးပေးထားတဲ့ ဘုရားတွေကို ပြင်မှာပါ။ ငလျင်နဲ့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများခဲ့တဲ့ ဘုရားတွေထဲကပါပဲ”ဟု ၎င်းက ပြောဆိုသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ချောက်ငလျင်ကြောင့် ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရား ၃၈၉ ဆူ ပျက်စီးခဲ့ရပြီး အနုပညာတန်ဖိုး၊ ဗိသုကာ လက်ရာတန်ဖိုး ကြီးမားမှုကိုလိုက်၍ ဦးစားပေး ပြင်ဆင်ရမည့် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် အသေးစား ပြင်ဆင်ရမည့် တတိယအဆင့်ဟူ၍ ပြင်ဆင်ရန် သတ်မှတ်ထားကြောင်း အဆိုပါဌာန တာဝန်ရှိသူများက ပြောဆိုသည်။

ယင်းကဲ့သို့ ပြင်ဆင်ရာတွင် ပထမအဆင့် ၃၆ ဆူ၊ ဒုတိယအဆင့် ၅၃ ဆူ၊ စုစုပေါင်း ၈၉ ဆူကို နိုင်ငံတော် အစိုးရက ဦးဆောင်ကာ ပြည်တွင်းပြည်ပ ပညာရှင်များဖြင့် တစ်ဆူချင်း အချိန်ယူ ပြုပြင်မည် ဖြစ်ကြောင်း၊ တတိယအဆင့် အဆူ ၃၀ဝ အနက် ထပ်မံစိစစ်ရန် လိုအပ်သည့် ၇၆ ဆူကို ချန်လှပ်၍ ကျန် ၂၂၄ ဆူကို မူလအလှူရှင်တို့ကို ဆက်သွယ်ကာ ပြုပြင်ထိန်းသိမ်းရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက စီစဉ်ထားသည်။

ပထမဦးစားပေး ၃၆ ဆူအနက် ၂၀ ဆူ၊ ဒုတိယ ဦးစားပေး ၅၃ ဆူအနက်မှ ၁၅ ဆူ၊ တတိယ ဦးစားပေး ၇၆ ဆူအနက်မှ ၁၅ ဆူတို့ကို ယခုနှစ် (၂၀၁၇ ခုနှစ်) အတွင်း ပြင်ဆင်ရန် လျာထားပြီး အချို့ စေတီများကို စတင်ပြုပြင်နေပြီဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတို့ အဆိုအရ သိရသည်။

“ထုထည်ကြီးမားပြီး အသေးစိတ် ပြင်ဆင်ရမယ့် ဘုရားတွေကတော့ နောက်နှစ်တွေထိ ပြင်ဆင်ရမှာပါ။ ဥပမာ- စူဠာမဏိလို၊ သဗ္ဗညုလို ဘုရားမျိုးတွေ”ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

အသေးစား ပြင်ဆင်ရမည့် စေတီ ၂၂၄ ဆူကို ရာနှုန်းပြည့် ပြင်ဆင်ပြီးဖြစ်ရာ ပထမဦးစားပေး ပြင်ဆင်ရမည့်ထဲမှ ခုနစ်ဆူ၊ ဒုတိယဦးစားပေး ပြင်ဆင်ရမည့်ထဲမှ  ၁၁ ဆူ၊ တတိယဦးစားပေး ပြင်ဆင်ရမည့်ထဲမှ ခုနစ်ဆူကို ထိန်းသိမ်းဆောင်ရွက်ပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မေလအတွင်း ထုတ်ပြန်ထားသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများသည့် သဗ္ဗညု ပုထိုးတော်ကြီးကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် ပြန်လည် ပြုပြင်ထိန်းသိမ်းရန် သုတေသန ပြုလုပ်လျက်ရှိပြီး စစ်ဆေးတွေရှိချက်များကို လာမည့်ဩဂုတ်လတွင် တင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကာ ၂၀၁၈ ခုနှစ်တွင် လုပ်ငန်းစတင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်ထားသည်။

LC ၊ ဝင်းရွှေရည်ဦး



FOLLOW US