News

POST TAGGED AS

ယဉ်ကျေးမှု

26-May-2017

ပုဂံ
ပုဂံရှေးဟောင်းဇုန်အတွင်း အဆောက်အအုံသစ်များ ဆောက်လုပ်မှု ပုဂံဒေသခံများ ဆန္ဒထုတ်ဖော်မည်
ရန်ကုန်၊ မေ  ၂၆

ပုဂံရှေးဟောင်းဇုန်အတွင်း အဝီစိ တွင်းတူးခြင်း၊ ဂေါပကရုံးအသစ်များ ဆောက်လုပ်နေခြင်း၊ ရှေးဟောင်းအဆောက်အအုံကို ခေတ်သစ်ဒီဇိုင်းပုံစံဖြင့် ခရီးသွား သတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်ရေး စင်တာအဖြစ် ပြုပြင်နေမှုများကို ပြီးခဲ့သည့် လပိုင်းများကတည်းက ကန့်ကွက်နေခဲ့သော်လည်း ဆက်လက်လုပ်ဆောင်နေသည့် အတွက် ပုဂံဒေသခံများက ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း SAVE THE BAGAN အဖွဲ့မှ ကိုမျိုးဆက်စံက ပြောကြားသည်။ 

ပုဂံမြို့ဟောင်းအတွင်းရှိ ရွှေဆံတော်ဘုရားအနီးတွင် ဂေါပကရုံး ဆောက်လုပ်ခြင်း၊ ဓမ္မရံကြီးဘုရား ပရဝဏ်အတွင်းတို့တွင် အဝီစိတွင်းတူးဖော်ရန် ပြင်ဆင်နေခြင်းတို့အပြင် ရှေးဟောင်းအဆောက်အအုံတစ်ခု အဖြစ် အသိအမှတ်ပြုထားသော ဘုတ်ကျောင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ( JICA) နှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပူးပေါင်း၍ ခရီးသွား သတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ဖွင့်ရန်  ပြုပြင်ဆောင်ရွက်နေခြင်းတို့ကြောင့် ကန့်ကွက်နေခြင်းဖြစ်ပြီး ယခုကာလများအတွင်း ရပ်တန့်ခြင်းမရှိပါက ယင်းစင်တာဖွင့်သည့်နေ့တွင် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဘုတ်ကျောင်းလို သမိုင်းဝင် အဆောက်အအုံ ခရီးသွား သတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ ဖွင့်ဖို့ လုပ်တာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ထိုးပေးလိုက်တယ်။ လွှတ်တော်အမတ်တွေကို တင်ပြတော့လည်း ဘုတ်ကျောင်းဘယ်နားမှာရှိလဲ ဆိုတာတောင် သူတို့က မသိကြဘူး၊ ဘယ်သူမှ ရပ်မပေးရင် ဆန္ဒပြမယ်” ဟု  SAVE THE BAGAN အဖွဲ့က  ကိုမျိုးဆက်စံက ပြောသည်။ 

အဆိုပါ အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနေမှုများကို ရှေးဟောင်းသုတေသနဌာနက ခွင့်ပြုခဲ့ခြင်း မဟုတ်ဘဲ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပေးခဲ့ခြင်းသာ ဖြစ်သည်ဟု ရှေးဟောင်းသုတေသနဌာနမှ  အကြောင်းပြန်ခဲ့ကြောင်း ကိုမျိုးဆက်စံက ပြောသည်။ 

ခရီးသွားများအတွက် သတင်းအချက်အလက် ဖွံ့ဖြိုးရေးစင်တာ ဆောက်လုပ်ခြင်းကို လက်ခံပြီး နေရာဒေသနှင့် အဆောက်အအုံ အသုံးပြုခြင်းကိုသာ ကန့်ကွက်ခြင်းဖြစ်ကာ ရှေးဟောင်းဇုန်နှင့် လွတ်ရာနေရာတွင် တည်ဆောက်ပါက လက်ခံနိုင်သည်ဟု ကန့်ကွက်မှု ဆောင်ရွက်နေသည့် ပုဂံဒေသခံများက ပြောဆိုသည်။ 

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က လွှတ်တော်အမတ်များနှင့် ဒေသခံများ တွေ့ဆုံရာတွင်လည်း အဆိုပါ အချက်များနှင့် ပတ်သက်၍ SAVE THE BAGAN အဖွဲ့၊ ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေး အသင်းတို့မှ ကန့်ကွက်ခဲ့ကြကြောင်း ယင်းအဖွဲ့များထံမှ  သိရသည်။ 



FOLLOW US