News

POST TAGGED AS

ယဉ်ကျေးမှု

ငလျင်ဒဏ်သင့် ဘုရားများ မြေကြောဖြတ်ရန် စီစဉ်

မန္တလေး ဧပြီ ၁

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဂံဘုရားများ ထပ်မံ မထိခိုက်စေရေးအတွက် မြေကြောဖြတ်ရန် စီစဉ်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က ချောက်မြို့၏ အနောက်တောင်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့သဖြင့် ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၃၈၉ ဆူခန့် ထိခိုက် ပျက်စီးခဲ့သည်။

ငလျင်လှုပ်ပြီးနောက်ပိုင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ယာဉ်အသွားအလာများကြောင့် မြေတုန်ခါမှုမရှိစေရန် လောကထိပ်ပန် ဘုရားအနီးတွင် မြေကြောဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ အခြားနေရာများတွင်လည်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားပြီး ငလျင်ကြောင့် ထိခိုက် ပျက်စီးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ဘုရား ၃၈၉ ဆူစလုံးကို လေ့လာ စောင့်ကြည့်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယ ညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောကြားသည်။

“တုန်ခါမှုတွေကြောင့် ဘုရားတွေကို မထိခိုက်စေဖို့ ဘုရားပတ်လည်မှာ မြောင်းတွေတူးမြေကို ဖယ်ထုတ်လိုက်တယ်။ အဲဒီနေရာမှာ ကျောက်ခဲအကြီးတွေ ချမယ်။ သဲဖို့မယ်။ ဒါက မြေကြောဖြတ်ခြင်းရဲ့ သဘော သဘာဝပေါ့။ ဇုန်တစ်ခုလုံးကို မြေကြော ဖြတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒီလိုလုပ်နိုင်ရင် သိပ်ကောင်းတယ်။ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး”ဟု ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရာတွင် နည်းပညာပိုင်ဆိုင်ရာများ ကူညီပံ့ပိုးပေးနေသည့် Technical Support Team- Bagan အဖွဲ့ခေါင်းဆောင် ဦးဇေမျိုးလင်းက ပြောကြားသည်။

မော်တော်ယာဉ်ကြီးများကြောင့် ရှေးဟောင်း အမွေအနှစ်များ မပျက်စီးစေရန် သရပါတံခါးနှင့် စူဠာမဏိ ပုထိုးတော်ကြီးအနီး ပေတစ်ရာပတ်လည်အတွင်း မော်တော်ယာဉ် သွားလာခွင့်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလကလည်းကောင်း၊ ပုထိုးသားများဘုရားနှင့် နတ်လှောင်ကျောင်းအနီး မော်တော်ယာဉ် သွားလာခွင့်ကို ယင်းနှစ် အောက်တိုဘာလအတွင်းကလည်းကောင်း၊ သဗ္ဗညုဘုရားအနီးမှ မော်တော်ယာဉ် သွားလာခြင်းကို ဒီဇင်ဘာ ဒုတိယပတ် အတွင်းကလည်းကောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ကန့်သတ်ထားခဲ့သည်။ 

M-05



FOLLOW US