News

POST TAGGED AS

ယဉ်ကျေးမှု

ပုဂံရှုခင်း ကြည့်နိုင်မည့် နေရာသစ်များ မြေပုံထုတ်ရန်စီစဉ်

မန္တလေး၊ မတ် ၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းသို့ လာရောက် လည်ပတ်သည့် ပြည်တွင်းပြည်ပ ခရီးသွားများ ရှုခင်း ကြည့်ရှုနိုင်မည့် နေရာသစ်များကို သိရှိနိုင်ရန် မြေပုံတစ်ခု ထုတ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)ထံမှ သိရသည်။ 

မြေပုံတွင် နေဝင်ချိန် ကြည့်ရှုနိုင်မည့်နေရာများ၊ ဧရာဝတီမြစ်ကမ်းမှ ရှုခင်းကြည့်နိုင်မည့် နေရာများ၊ ဘုရားများကို ကြည့်ရှုနိုင်မည့် နေရာများ၊ ရိုးရာလက်မှု  လုပ်ငန်းများ ရှိသည့်ကျေးရွာများသို့ သွားရောက်နိုင်မည့် နေရာများ ပါဝင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ပုဂံရှုခင်းများကို ကြည့်ရှုနိုင်မည့် နာမည်ကြီး နေရာများကိုသာ ခရီးသွားများ သိရှိထားကြောင်း၊ နာမည်ကြီးဘုရား မဟုတ်သော်လည်း ရှုခင်းကြည့်ရှုနိုင်သည့် နေရာများ ပုဂံတွင် ရှိနေကြောင်း၊ ယင်းနေရာများကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်ကြောင်း JICA ၏ ပုဂံဒေသ ခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် လက်ထောက်တာဝန်ခံ ဒေါ်ယုယုလင်းက ပြောကြားသည်။ 

လက်ရှိတွင် မြေပုံထုတ်ယူနိုင်ရန် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် ထွက်လာမည်ဖြစ်ကြောင်း၊ ရှုခင်းကြည့်နိုင်မည့် နေရာများနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များကိုလည်း လက်ကမ်းစာစောင်များ ထုတ်ဝေပေးမည် ဖြစ်ကြောင်း JICA ၏ လုပ်ငန်းစီမံချက်အရ သိရသည်။ 

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ငလျင်မလှုပ်မီ အချိန်အထိ ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ ဗူးလည်သီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စဝတီ၊ ပုဂံ မျှော်စသည့် ဘုရားများပေါ်မှ ပုဂံဒေသ ရှုမျှော်ခင်းများ ကြည့်ရှုခွင့်ပြုထားခဲ့သော်လည်း ငလျင်လှုပ်ပြီးနောက်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) က ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ တောင်ဂူနီ ဘုရားတို့ပေါ်ကသာ ရှုမျှော်ခင်းများ ကြည့်ရှုရန် ခွင့်ပြုပေးခဲ့သည်။ 

ပုဂံဒေသ ရှုမျှော်ခင်းများကို ကြည့်ရှုနိုင်ရန် အနောက်ဖွားစောရွာ၏ အနောက်မြောက်ဘက်ရှိ ကိုမောက်ကန်ပေါင်ကို မြှင့်တင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ခွင့်ပြုပေးခဲ့သည်။ 

၂၀၁၆ ခုနှစ်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသသို့ ခရီးသွား ၂၈၃,ဝ၀ဝ ကျော် ဝင်ရောက်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ (ပုဂံ ဌာနခွဲ)ထံမှ သိရသည်။

M-05



FOLLOW US