News

POST TAGGED AS

ယဉ်ကျေးမှု

သဗ္ဗညုဘုရားပြုပြင်ခွင့်ပေးရန် တရုတ်အဆိုပြု
မန္တလေး၊ မတ် ၅

ချောက်မြို့ကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သော ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ သဗ္ဗညုဘုရားကို ပြုပြင် ထိန်းသိမ်းခွင့်ပေးရန် တရုတ်နိုင်ငံက အဆိုပြုထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို မူအားဖြင့် သဘောတူထားသော်လည်း တရားဝင် ညွှန်ကြားချက် မထွက်သေးကြောင်း၊ လတ်တလောတွင် သဗ္ဗညုဘုရားကို ယူနက်စကိုမှ ပညာရှင်များနှင့် မြန်မာနိုင်ငံမှ အင်ဂျင်နီယာများ ပူးပေါင်း၍ အရေးပေါ် ထိန်းသိမ်းမှုများ ပြုလုပ်ထားကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ၏ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

“ဘုရားက ထုထည်ကြီးတယ်။ မြင့်တယ်။ အပေါ်ပိုင်း ကွမ်းတောင် အခြေတွေမှာ အက်ကွဲကြောင်းတွေ တော်တော်များများ တွေ့ရတယ်။ ဒဏ်ရာ တော်တော် ပြင်းတယ်လို့ ပြောနိုင်တယ်။ ကွမ်းတောင် အပါအဝင် ကွမ်းတောင် အောက်ခြေ တိုင်တွေလည်း ပျက်စီးသွားတယ်”ဟု ၎င်းက ရှင်းပြသည်။ 

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသနှင့် ပတ်သက်၍ တရုတ်-မြန်မာနှင့် UNESCO တို့ ပူးပေါင်း၍ ပြန်လည်ပြုပြင် မွမ်းမံခြင်းနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ (International Conference on the Proposed Programme of Bagan Pagoda Post-quake Restoration and Preservation) ကို ပုဂံရှေးဟောင်း သုတေသန ပြတိုက်၌ ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့က ကျင်းပခဲ့ရာ၌ တရုတ်နိုင်ငံက သဗ္ဗညုဘုရားကို ပြုပြင်ခွင့်ပေးရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံ ယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၃၈၉ ဆူခန့် ထိခိုက် ပျက်စီးခဲ့ရသည်။ 

ငလျင်လှုပ်ပြီးချိန်မှစ၍ UNESCO ၏ အကြံပြုချက်များ၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့်အတူ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ ပါဝင်သော အဖွဲ့များဖြင့် စစ်ဆေးခဲ့ပြီးနောက် ထိခိုက်ပျက်စီးမှု ပမာဏနှင့် တန်ဖိုးပေါ် မူတည်၍ ပထမ ဦးစားပေး ပြုပြင်ရမည့်ဘုရား ၃၆ ဆူ၊ ဒုတိယဦးစားပေး ပြုပြင်ရမည့်ဘုရား ၅၃ ဆူနှင့် တတိယ ဦးစားပေး ပြုပြင်ရမည့်ဘုရား အဆူ ၃၀ဝ ဟူ၍ ခွဲခြားထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သဗ္ဗညုဘုရားသည် ကွမ်းတောင် ပေါက် လိုဏ်လေးဆင့် ဂူဘုရားဖြစ်ပြီး အလောင်းစည်သူမင်းက အေဒီ ၁၁၄၄ တွင် တည်ထားခဲ့ခြင်းဖြစ်ပြီး ပုဂံဘုရားများအနက် ဉာဏ်တော် အမြင့်ဆုံး ဘုရား တစ်ဆူဖြစ်ကာ ဉာဏ်တော်အမြင့် (၂၁၀) ပေရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်းများအရ သိရသည်။    

M-05



FOLLOW US