News

POST TAGGED AS

ယဉ်ကျေးမှု

ပုဂံရှုခင်းများ ကိုမောက်ကန်ပေါ်မှ ကြည့်ခွင့်ရမည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၈

အနောက်ဖွားစောကျေးရွာရှိ ကိုမောက်ကန်ပေါင်ပေါ်မှနေ၍ ပုဂံရှုမျှော်ခင်းများကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကြည့်ခွင့်ရမည် ဖြစ်သည်။ 

ကိုမောက်ကန်ပေါင်ပေါ်မှနေ၍ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှုမျှော်ခင်းများကို ကြည့်ရှုနိုင်ရန် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စီစဉ်နေပြီဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောကြားသည်။ 

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ရှုမျှော်ခင်းများ ကြည့်ရှုနိုင်ရန် ကိုမောက်ကန် အပါအဝင် နေရာသစ် ငါးခု ရှာဖွေလျက်ရှိရာမှ အနောက်ဖွားစောရွာ၏ အနောက မြောက်ဘက်ရှိ ကိုမောက်ကန်ပေါင်ပေါ်မှ ကြည့်ရှုနိုင်ရန် ပထမဦးဆုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ပုဂံဒေသသို့ လာရောက် လည်ပတ်သူများ ကိုမောက်ကန်ပေါင်ပေါ်မှနေ၍ ရှုမျှော်ခင်းများ ကြည့်ရှုနိုင်ရန် ရှေးဟောင်း သုတေသန ဦးစီးဌာနနှင့် ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစ၍ အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။  

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ယင်းမတိုင်ခင်က ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ ဗူးလည်သီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စဝတီ၊ ပုဂံမျှော် စသည့် ဘုရားများပေါ်မှနေ၍ ပုဂံဒေသ ရှုမျှော်ခင်းများ ကြည့်ရှုခွင့် ရခဲ့သော်လည်း ငလျင်လှုပ်ပြီးနောက် ရွှေဆံတော်၊ ပြာသာဒ်ကြီး၊ တောင်ဂူနီဘုရားတို့ပေါ်မှသာ ရှုခင်းများကြည့်ရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ကန့်သတ်ထားခဲ့သည်။

“ဘုရားတွေပေါ်ကနေ တက်ကြည့်တယ် ဆိုတဲ့နေရာမှာ အမျိုးသမီးတွေလည်း တက်တယ်။ လူတိုင်းတက်ခွင့်ရနေတော့ အဂါရဝ ဖြစ်စေတာပေါ့။ နောက်တစ်ခုက နေ့စဉ် ဒီလို တက်ပါများလာရင် ရုတ်တရက်ကြီး ဆိုးကျိုး မရှိနိုင်ပေမယ့် ကြာလာရင် စေတီပုထိုးတွေ ထိခိုက်မှာပေါ့။ ဒါတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားတာပေါ့”ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ထပ်လောင်း ပြောဆိုသည်။

ကိုမောက်ကန်ပေါင်ပေါ်မှနေ၍ ရှုမျှော်ခင်းများ ကြည့်ရှုနိုင်ရန် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏စီမံမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ရာ မူလက ဆယ်ပေခန့်သာ မြင့်သည့် ကိုမောက်ကန်ပေါင်ကို အမြင့် ၁၄ ပေနှင့် အမြင့် ၁၇ ပေအထိ နှစ်ဆင့် မြှင့်တင်ခဲ့ကြောင်း၊ ကန်ပေါင်ပေါ်တွင် လျှောက်လမ်းများ၊ အလှစိုက်မြက်ခင်းများ ပြုလုပ်ထားကြောင်း၊ ယင်းလုပ်ငန်းများအတွက် ကျပ်သိန်း ၆၀ဝ နီးပါး အသုံးပြုခဲ့ရကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

M-05



FOLLOW US