News

POST TAGGED AS

ယဉ်ကျေးမှု

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ်တွင် ရှေးဟောင်းဇုန် နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေး တင်ပြမည်ဟုဆို
မန္တလေး၊ ဇန်နဝါရီ ၁၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ်တွင် ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေး ကိစ္စ တင်ပြသွားရန် စီစဉ်နေကြောင်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောကြားသည်။

“အခု လက်ရှိမှာလည်း အဲဒီကိစ္စကို တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်ပင်ပြီး နယ်နိမိတ် သတ်မှတ်ဖို့ကို ကော်မတီ ဖွဲ့စည်း ဆောင်ရွက်နေတယ်”ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် ဘူတန်နိုင်ငံ ဘုရင့်မိဖုရား၏ မယ်တော်ကြီးနှင့်အတူ ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသသို့ ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရှိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရန် အစိုးရ တာဝန်ရှိသူများက ကြိုးပမ်းနေပြီး ယင်းကဲ့သို့ သတ်မှတ်ခြင်းကြောင့် ဒေသခံတို့၏ အသားကျနေသည့် လူနေမှုဘ၀များ ပြောင်းလဲလာနိုင်ခြင်းတို့ကို လေ့လာ သုံးသပ်ရန်လည်း လိုသည့်အတွက် ဇုန်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရန် လိုအပ်ကြောင်း ဦးမြင့်စိန်က ပြောဆိုသည်။

“၁၉၉၀ ပြည့်နှစ်တုန်းက တစ်မြို့လုံး ပြောင်းရွှေ့ခဲ့ရဖူးတဲ့ သာဓကလည်း ရှိခဲ့တော့ ဒေသခံတွေ အနေနဲ့က ဒါမျိုး နောက်ထပ် အဖြစ်မခံချင်ကြတော့ဘူး”ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဘူတန် မယ်တော်ကြီးတို့ လာရောက်စဉ် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးများကို လိုက်လံပြသရန် စီစဉ်ထားသည်ဟု ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

“လုံခြုံရေး အပိုင်းအနေနဲ့ကတော့ ပြည်ထဲရေးက ဘာညွှန်ကြားမှုမှ မရောက်လာသေးပါဘူး။ ရက်နီးတဲ့အခါကျမှ ဘယ်လို ပြင်ဆင်မယ်ဆိုတာ ညွှန်ကြားပြီး တိုင်းရဲတပ်ဖွဲ့က လုပ်ဆောင်ရတာပါ။ သမ္မတကြီးကို ပေးရတဲ့ လုံခြုံရေးအတိုင်းပါပဲ”ဟု မန္တလေး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ခရီးစဉ်တွင် ပုဂံဒေသအပြင် မန္တလေးမြို့သို့လည်း ဆက်လက် လာရောက်ဖွယ် ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။



FOLLOW US