News

POST TAGGED AS

ယဉ်ကျေးမှု

မြောက်ဦး ရှေးဟောင်းနယ်မြေရှိ ဘုရားများအနီး ဆူညံစွာ ကခုန်သူများကို အရေး ယူမည်
မြောက်ဦး၊ ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ တစ်ခုဖြစ်သည့် မြောက်ဦးမြို့ရှိ ဘုရားများ အနီးတွင် ဆူညံစွာ ကခုန်သရုပ်ပျက်မှုများကို တားမြစ်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးဟောင်း ယဉ်ကျေးမှု ထိန်းသိမ်းရေးအဖွဲ့ (မြောက်ဦး)မှ ဒုဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောဆိုသည်။

ဘုရားဖူး ပြည်သူများနှင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များကို အနှောင့်အယှက် ဖြစ်စေသည့် ဆောင်းဘောစ်များ ဖွင့်၍ကခုန်ခြင်းနှင့် သရုပ်ပျက် အပြုအမူများကို ထိန်းသိမ်းရန် ဘုရား ဂေါပက၊ ရဲတပ်ဖွဲ့၊ ဒေသခံများ၊ ဧည့်လမ်းညွှန်များ ပူးပေါင်းကာ ထိန်းသိမ်းရေး ကော်မတီ(ယာယီ)ကို ဒီဇင်ဘာ ၂၈ ရက်က ဖွဲ့စည်းခဲ့သည်။

“ဆောင်းဘောစ်တွေ၊ ကားမှာတင်ပြီး လာကြတာ ဘော်ဒါဆောင်တွေနဲ့ လူငယ်အဖွဲ့တွေ များတယ်။ တုတ်တွေကိုင်ပြီး သရုပ်ပျက် ဆူညံစွာ ကနေကြတော့ နိုင်ငံခြားသား ဧည့်သည်တွေနဲ့ ဘုရားဖူးတွေ စိတ်အနှောင့်အယှက် များစွာဖြစ်ရတယ်”ဟု ဧည့်လမ်းညွှန် ကိုထွန်းနေဝင်းက ပြောသည်။

ဘုရားဖူး လာရောက်ကြသူများသည့် သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်ဘုရားများ တစ်ဝိုက်တွင် အဓိကထား စတင် ထိန်းသိမ်းနေပြီဖြစ်ပြီး ခရီးသွား ရဲတပ်ဖွဲ့မှလည်း လက်ကမ်း စာစောင်များ ဖြန့်ဝေပြီး ပထမအဆင့် အသိပညာပေး ဆောင်ရွက်သွားမည်ကြောင်း ဦးသန်းမြင့်က ပြောသည်။

R-04



FOLLOW US