News

POST TAGGED AS

ယဉ်ကျေးမှု

ပုဂံယဉ်ကျေးမှုဇုန်သို့ နိုင်ငံခြားသားခရီးသွားများ လည်ပတ်ခွင့်ရက် လျှော့ခ

မန္တလေး၊ ဇွန် ၃၀

ပုဂံယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသား ခရီးသွားများအတွက် ခွင့်ပြုသတ်မှတ်ရက် လျှော့ချသတ်မှတ်လိုက်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ခွင့်ပြုချက်ဖြင့် ပုဂံယဉ်ကျေးမှုဇုန်သို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားတစ်ဦးလျှင် ဇုန်ဝင်ကြေး မြန်မာငွေကျပ် ၂၅,၀၀၀ ပေးဆောင်ရမည်ဖြစ်ကာ ယခင်ကခွင့်ပြုပေးထားသည့် ငါးရက်အစား သုံးရက်သို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

“အရင်ကပေးထားတဲ့ ၅ ရက်က များနေလို့ပါ။ ဘယ်နိုင်ငံမဆို တစ်ရက်ပဲ ပေးတယ်။ ကျွန်တော်တို့က ၅ ရက်ဆိုတော့ များနေတယ်ပေါ့။ နောက်တစ်ခုက လက်လွှဲပေးတာတွေကို ထိန်းချုပ်လိုတာကြောင့်ပါ”ဟု ဦးကျော်ဦးလွင်က ရှင်းပြသည်။

ခွင့်ပြုသတ်မှတ်ရက် လျှော့ချနိုင်ရန်အတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်က တင်ပြလာခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်မှရရှိသည့် အချက်အလက်များအရ နိုင်ငံခြားသားခရီးသွား ၉၀ ရာခိုင်နှုန်းခန့်မှာ သုံးရက်ထက် ပိုမနေကြကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနထံမှ သိရသည်။

“ပုဂံမှာ ငါးရက် လည်စရာမရှိဘူး။ သုံးရက်လောက်ဆို ပြီးပါတယ်။ ပုဂံမှာ နှစ်ရက် သုံးရက်လောက်နေ၊ ပြီးရင် တခြားနေရာသွားပြီး ပုဂံကိုပြန်လာမယ့် ဧည့်သည်မျိုးအတွက်ကတော့ ခက်မှာပေါ့။ နောက်တစ်ခုက ငါးရက်ပေးထားတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် လဲလှယ်တာတွေ ရှိတယ်။ ဒါတွေကိုစစ်ဆေးဖို့ အရမ်းခက်တယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအဖွဲ့ချုပ် (မန္တလေး) ဥက္ကဋ္ဌ ဦးမျိုးရီက မှတ်ချက်ပြုသည်။

ယင်းသို့ ပြောင်းလဲသတ်မှတ်လိုက်သည့်ရက်ကို ဇူလိုင်လ ၁ ရက်(ယနေ့) စတင် ကျင့်သုံးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

M-01



FOLLOW US