News

POST TAGGED AS

ယဉ်ကျေးမှု

ပုဂံဘုရားများပြုပြင်ရန် ကိုရီးယားနိုင်ငံက ကမ်းလှမ်း
မန္တလေး၊ မတ် ၂၉

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားသုံးဆူကို ပြုပြင်ထိန်းသိမ်းနိုင်ရေးအတွက် ကိုရီးယားနိုင်ငံက ကမ်းလှမ်းထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

ကိုရီးယားနိုင်ငံ Heritage Promotion Bureau (CHA) မှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် မင်းနန်သူရွာအနီးရှိ ဘုရားသုံးဆူကို ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပေးနိုင်ရန် မတ်လတတိယပတ်အတွင်းက လာရောက်ဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် ပထမအဆင့်အနေနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်နေကြောင်း၊ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ထိုးပြီးပါက ရှေးဟောင်းသုတေသနဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ သုတေသနလုပ်ငန်းများနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လတ်တလောတွင် ဂျာမနီနိုင်ငံမှ နန်းဘုရား၊ တရုတ်နိုင်ငံမှ သဗ္ဗေညု၊ ဂျပန်နိုင်ငံမှ ဘုရားအမှတ် ၁၂၀၅ (မယ်တော်ရပ်) ဘုရားတို့ကို ပြုပြင်ထိန်းသိမ်းနိုင်ရန် မြန်မာနိုင်ငံနှင့် (MoU) လက်မှတ်ထိုးထားပြီးဖြစ်၍ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့နှင့်လည်း ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် ညှိနှိုင်းလျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

M-05



FOLLOW US