News

POST TAGGED AS

ယဉ်ကျေးမှု

ဂျာမနီနိုင်ငံသူတစ်ဦး ပုဂံ ဘုရားတစ်ဆူပေါ်မှ လိမ့်ကျ


မန္တလေး၊ မတ် ၂၇

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားအမှတ်-၁၂၉၁ ပေါ်မှနေ၍ ဂျာမနီနိုင်ငံသူတစ်ဦး မတ်လ ၂၇ ရက် (တပ်မတော်နေ့) နံနက်ပိုင်းက ခြေချော်လိမ့်ကျခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ 

ပုဂံဒေသသို့ရောက်ရှိနေသည့် အသက် ၂၂ နှစ်အရွယ် ဂျာမနီနိုင်ငံသူ Ms. Yulia Koylova သည် မြင်းကပါကျေးရွာ အရှေ့ဘက် ရှင်အရဟံသိမ် ဘုရားစုတွင်ရှိသော ဘုရားအမှတ်-၁၂၉၁ ပေါ်သို့တက်ရာမှ ခြေချော်လိမ့်ကျခဲ့ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေ့နံနက်ပိုင်းက ဘုရားပေါ်သို့တက်၍ နေထွက်ချိန်ရှုခင်းကြည့်ခဲ့ရာ ဘုရား၏အထက်ပိုင်း ရှစ်မြှောင့်ခုံမှ ဒုတိယပစ္စယာခုံပေါ်သို့ ဆင်းသက်စဉ်လိမ့်ကျခဲ့ရာမှ ဦးခေါင်းညာဘက်ခြမ်း ပေါက်ပြဲဒဏ်ရာရခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ပုဂံရှေးဟောင်းနယ်မြေသို့ လာရောက်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများအနေနှင့် ရှေးဟောင်းဘုရားများပေါ်သို့ မတက်စေရန် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် အသိပေးဆိုင်းဘုတ်များ စိုက်ထူထားပြီး အသိပညာပေးဟောပြောမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ရှေးဟောင်းအဆောက်အအုံများသည် နှစ်ကာလကြာမြင့်နေပြီဖြစ်သဖြင့် တက်ရောက်သူများ အန္တရာယ်မရှိစေရေးအတွက် ယင်းကဲ့သို့ပြုလုပ်နေရခြင်းဖြစ်ကြောင်း ဦးအောင်အောင်ကျော်က ထပ်မံပြောကြားသည်။

ဘုရားပေါ်မှပြုတ်ကျခဲ့သည့် ဂျာမနီနိုင်ငံသူကို ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသပေးလျက်ရှိကြောင်း ပုဂံမြို့သစ်လူမှုကူညီရေး အသင်းများထံမှလည်း သိရသည်။ 

၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ပုဂံဒေသရှိ ဘုရားအမှတ် ၃၅၂ ပေါ်သို့ တက်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသူတစ်ဦး ပြုတ်ကျခဲ့သေဆုံးခဲ့ပြီးနောက် ယခုပြုကျသည့် ဂျာမနီနိုင်ငံသူသည့် ဘုရားပေါ်မှ ဒုတိယမြောက်ပြုတ်ကျသူဖြစ်သည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဘုရားပေါ်သို့ မတက်ရောက်နိုင်စေရန် သံပန်းများကာရံထားသည့် ရွှေဂူကြီးဘုရားပေါ်သို့ တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦး မတ်လ ၃ ရက်နေ့က တက်ရောက်ခဲ့သဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူများက တားမြစ်ခဲ့ရသေးသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပုဂံညောင်ဦးဒေသရှိ စီမံခန့်ခွဲရေးကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများပါဝင်သည့် အစည်းအဝေးတစ်ရပ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက မန္တလေးတိုင်း အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။ 

ယင်းအစည်းအဝေးရလဒ်အရ ကမ္ဘာလှည့်ခရီးသွားများနှင့် ပြည်တွင်းခရီးသွားများအနေနှင့် ဘုရားများပေါ်သို့ တက်ရောက်နေခြင်းကို တည်ဆဲဥပဒေများအရ တားမြစ်ထားကြောင်း၊ ယင်းကြောင့် ဧည့်လမ်းညွှန်အသင်း၊ ခရီးသွားကုမ္ပဏီများအနေနှင့် ခရီးသွားအစီအစဉ် ရေးဆွဲစဉ်ကတည်းကပင် နေဝင်နေထွက်ချိန် ရှုခင်းကြည့်နေရာများရေးဆွဲရာတွင် ဘုရားများကို ထည့်သွင်းရေးဆွဲခြင်းမပြုရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ညွှန်ကြားထားခဲ့သည်။ 

M-05



FOLLOW US