News

POST TAGGED AS

ယဉ်ကျေးမှု

ပုပ္ပားတောင်အနီးတွင် ရှေးဟောင်းဆင်အုပ်၏ အရိုးများတွေ့


မန္တလေး၊ ဖေဖော်ဝါရီ ၇

ပုပ္ပားတောင်နှင့် အနီးတစ်ဝိုက်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လွန်ခဲ့သည့် နှစ်သန်းပေါင်း တစ်သန်းခွဲမှ တစ်ဆယ့်ငါးသန်းကြားတွင် အုပ်စုလိုက်သေဆုံးခဲ့သည်ဟု ယူဆရသော ရှေးဟောင်းဆင်များ၏ အရိုးများ ဖေဖော်ဝါရီ လဆန်းပိုင်းက တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ပုပ္ပားတောင် ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။ 

သုတေသနပြုလုပ်ခြင်းနှင့် အချက်အလက် ကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကစ၍ ပြုလုပ်နေခဲ့ရာမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပုပ္ပားတောင်၏ အနောက်မြောက်ဘက်တွင် ရှေးဟောင်းဆင်များ၏ အရိုးများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးသန်းထွန်းက ပြောကြားသည်။

“တွေ့တာကတော့ ဧရာဝတီ ကျောက်ဆင်စုဆိုတဲ့ နေရာမှာဖြစ်ပါတယ်။ အရင်တုန်းကလည်း ပုပ္ပားတောင် အနောက်ဘက်မှာရှိတဲ့ သံဗိုလ်ကျေးရွာ နားမှာ တွေ့ခဲ့ဖူးတယ်။ ဒါက ထပ်မံတွေ့ရှိတာ ဖြစ်ပါတယ်။ ထိန်းသိမ်းသွားမယ်။ ပြီးရင် ပြကွင်းပြကွက်တစ်ခုအနေနဲ့ ပြသထားမယ်”ဟု ၎င်းက ရှင်းပြသည်။

ကျောက်ဖြစ်ရုပ်ကြွင်းများတွင် ဆင်၏ခြေသလုံးရိုး၊ ဒူးရိုးများ၊ အံသွားများ၊ မေးရိုးများပါဝင်ပြီး ရှေးဟောင်းဆင်များ အုပ်စုလိုက် သေဆုံးနေသည်ဟု ယူဆရကြောင်း၊ လတ်တလောတွင် သုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ပုပ္ပားတောင် ကမ္ဘာလုံးဆိုင်ရာ အမိကမ္ဘာစခန်းသာ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အမိကမ္ဘာစခန်းသာ လုပ်ဆောင်ရန်အတွက် ရွေးချယ်ထားသည့် ပုပ္ပားတောင်အနီးတစ်ဝိုက် သစ်တောသစ်ပင် ထိန်းသိမ်းထားခြင်း၊ သားငှက်စာရင်းများ ကောက်ယူ ထိန်းသိမ်းခြင်း၊ နိုင်ငံခြားသား ခရီးသွားများ လာရောက်မှုရှိခြင်း၊ ပုပ္ပားတောင် အနောက်ဘက်ရှိ သံဖိုရွာအနီးတွင် ကျောက်ဖြစ်ရုပ်ကြွင်း သစ်တောရှိခြင်း၊ ပုပ္ပားတောင်ကလပ်၏ အနောက်ဘက်တွင် မီးတောင်ပြာများ ဖုံးလွှမ်းနေသည့် သစ်တောများရှိခြင်း၊ ရှေးဟောင်း ဆင်ရုပ်ကြွင်းများ၊ ပုဂံခေတ် သံချက်ဖိုနေရာများရှိခြင်း၊ သဘာဝရေထွက်များ၊ သမင်ရုပ်ကြွင်းများရှိခြင်း စသည့်အချက်များကြောင့် ပုပ္ပားတောင်နှင့် အနီးတစ်ဝိုက်ကို (ပုပ္ပားတောင် အမိကမ္ဘာ စခန်းသာ) အဖြစ် ယူနက်စကိုသို့ တင်သွင်းရန် စီစဉ်နေခြင်းဖြစ်သည်။ 

ကမ္ဘာမြေနှင့် လူသားများအကြား ဆက်နွှယ်မှုများအကြောင်း သိရှိစေရန်၊ ပတ်ဝန်းကျင်တန်ဖိုးများ သိရှိလာစေရန်၊ နောင်လာနောင်သားများ ဆက်လက်ထိန်းသိမ်းနိုင်ရန်နှင့် ချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဦးသန်းထွန်းက ထပ်လောင်းပြောကြားသည်။ 

တစ်ကမ္ဘာလုံးတွင် အမိကမ္ဘာစခန်းသာ ၁၃၀ ကျော်ရှိပြီး မြန်မာနိုင်ငံအနေနှင့် ပုပ္ပားတောင်ကို ဗဟိုပြု၍ ဧရိယာ ၂၄၀ စတုန်ရန်းမိုင် အကျယ်အဝန်းရှိ ဒေသကို ယူနက်စကိုသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန် မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်ရရှိထားပြီး သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းထံမှ ထပ်မံသိရသည်။ 

M-05




FOLLOW US