News

POST TAGGED AS

ယဉ်ကျေးမှု

ပျူခေတ်သံချက်ဖိုများ ပြုပြင်ထိန်းသိမ်းရန်လိုအပ်


ပြည်၊ ဖေဖော်ဝါရီ ၆

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းအတွင်းရှိ ဗီလေးရာစုနှစ်အတွင်း ပျူလူမျိုးများ အသုံးပြုခဲ့သည့် သံချက်ဖိုများကို နိုင်ငံခြားခရီးသွားများ အလွယ်တကူလေ့လာနိုင်ရန် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ပြည်မြို့ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းက ပြောကြားသည်။

အဆိုပါ သံချက်ဖိုများမှာ သရေခေတ္တရာခေတ် အေဒီလေးရာစုမှ စတင်ကာ ပျူလူမျိုးများ၏ သံချက်သည့်နည်းပညာ အတတ်ပညာ အမွေအနှစ်တစ်ခုအနေဖြင့် ဖော်ထုတ်သွားရန် လိုအပ်နေကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

“၂၀၁၆ ဘတ်​ဂျက်​တုန်းက ဒီသံချက်ဖိုတွေ ထိန်းသိမ်းဖို့တင်ခဲ့ဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျမလာခဲ့ဘူး။ ဒီနေရာတွေကို ရာသီမရွေး သွားလာလေ့လာလို့ရအောင်၊ သုတေသနပြုလုပ်လို့ရအောင်၊ ရေမြေသဘာဝအနေအထားတွေနဲ့ ပျက်စီးမှုမဖြစ်အောင် ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းက ဆိုသည်။

ပျူခေတ်သံချက်ဖိုများမှာ သဘာဝလေတိုက်အားကိုယူပြီး ဆောက်လုပ်ထားခြင်းကြောင့် မြို့ပြနှင့် ဝေးကွာသော တောအတွင်း လေတိုက်ရာလမ်းကြောင်းရှိ တောင်စောင်းများတွင် အဓိကဆောက်လုပ်ထားပြီး၊ ယခုအခါတွင် သဘာဝဘေးနှင့် လူဘေးတို့ကြောင့် ပျက်စီးမှုများရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒေသခံတွေ တချို့က သံချက်ဖိုမှန်းမသိတော့ ဂရုမစိုက်လို့ ပျက်စီးတာတွေရှိတယ်။ သူ့တည်ဆောက်ပုံက နံပြားဖိုလိုပဲ ရွှံနဲ့မံထားပြီး အောက်ခြေမှာ လေဝင်ပေါက်တွေရှိတယ်။ တောင်ကြားထဲက သဘာဝလေကို တစ်ခါတည်းယူပြီး အသုံးပြုတယ်လို့ ယူဆရတယ်။ ရာသီအလိုက် လေတိုက်တဲ့ လမ်းကြောင်းပေါ်မူတည်ပြီး လေးငါးခြောက်ဖို စုတည်ဆောက်ထားတာမျိုး တွေ့ရတယ်”ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။ 

ပျူခေတ်တွင် သံအသုံးပြုမှုကောင်းစွာ နိုင်နင်းထွန်းကားခဲ့ပြီး ပျူခေတ်နောက်ပိုင်းတွင် အဆိုပါ သံချက်ဖိုများကို မတွေ့ရတော့ကြောင်း၊ သံချက်ဖိုများကို ပြည်ခရိုင် ပြည်မြို့ ပေါက်ခေါင်းမြို့အနီးဝန်ကျင်းတွင် တွေ့ရများပြီး ၂၀၁၇ ခုနှစ်အထိ ကွင်းဆင်းစာရင်းကောက်ထားမှုများအရ သံချက်ဖို ၁၁၅ လုံး တွေ့ရှိထားပြီး တစ်ဝက်ခန့် ပျိုကျပျက်စီးနေကြောင်း ပြည်မြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

M-06



FOLLOW US