News

POST TAGGED AS

ယဉ်ကျေးမှု

03-Feb-2018

ဆန္ဒပြ ပြည်
ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပေးရေး ပြည်မြို့တွင်ဆန္ဒပြ


ပြည်၊ ဖေဖော်ဝါရီ ၃

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းပေးရေး ပြည်မြို့အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ စုပေါင်းကာ ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီမှ စတင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

ပြည်မြို့၊ ပန်းဘဲတန်းနှင့် ရုံးလမ်းဒေါင့်မှ ရုံးလမ်း၊ လမ်းရှည်လမ်း၊ လမ္မတော်လမ်း တစ်လျှောက် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ် ရှေ့အထိ လူအင်အား ၅၀ ခန့်ဖြင့် ချီတက်ကြွေးကြော် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒပြရာတွင်ပါဝင်သည့် ဦးဆောင်သူလက်တွဲကူမယ် ပြည် လူငယ်အဖွဲ့မှ ဦးမျိုးသူထွဋ်က “ဒီ ဥပဒေကို နာဂစ်ဖြစ်စဉ်ကာလထဲမှာ အတည်ပြုပြဌာန်းပေးလိုက်တဲ့ အခြေခံဥပဒေက စစ်တပ်အခန်းဂဏ္ဍကိုသာ ရှေ့ရှုပြီး တကယ် ဒီမိုကရေစီ စံနှုန်းတွေ မပါဝင်ခဲ့တာကြောင့် ပြင်ဆင်တာထက် ဖျက်သိမ်းမှာသာဖြစ်ရမယ်”ဟု ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းမှာလည်း အစိုးရ အကျပ်အတည်းဖြစ်စေရန်၊ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နေမှု ထိခိုက်စေရန် မရည်ရွယ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ဆန္ဒပြရာတွင်ပါဝင်သည့် ဦးဝင်းလှိုင်က “လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ဒီ ဥပဒေကိုပြင်ဖို့၊ ဘေးကြပ်နံကြပ်ဖြစ်နေလို့ အခုလို လမ်းပေါ်ထွက် ဆန္ဒပြရတာဖြစ်တယ်။ ပြည်သူတွေလဲ လမ်းပေါ်ထွက်ဖို့ အချိန်ကြပြီ”ဟု ပြောကြားသည်။ 

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းအား လက်တွဲကူမယ်ပြည်လူငယ်အဖွဲ့၊ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ယက်၊ အိုးဝေပညာဒါန၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ အဖြူရောင်သွေးပရဟိတအဖွဲ့များနှင့်အတူ နိုင်င်ငံရေးစိတ်ဝင်သားသူများ ပါဝင်ဆန္ဒပြခဲ့ကြသည်။

M-06




FOLLOW US