News

POST TAGGED AS

ယဉ်ကျေးမှု

05-Jan-2018

ပုဂံ
ပုဂံရှုခင်းကြည့် နေရာသစ်များ ထပ်မံဖော်ထုတ်ရန် စီစဉ်

မန္တလေး၊ ဇန်နဝါရီ ၎

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း နေဝင်ချိန်၊ နေထွက်ချိန်များကို ကြည့်ရှုနိုင်မည့် နေရာအသစ်များ ထပ်မံဖော်ထုတ်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးတိုင်းလွှတ်တော် ညောင်ဦးမဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောကြားသည်။

“ဧည့်သည်လာရောက်မှုပေါ်ကြည့်ပြီး လုပ်ရတာ။ ဝန်ကြီးဌာနကနေပြီးတော့ ဘုရားတွေပေါ်ကနေ ကြည့်ခွင့်ပိတ်မယ်ဆိုရင် ရှုခင်းကြည့်ဖို့နေရာတွေ ဖန်တီးပေးဖို့လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အရှေ့အိုးထိန်းကုန်း၊  အနောက်အိုးထိန်းကုန်း၊ ကိုမောက်ကန်ရှုခင်းကြည့် တောင်ကုန်း၊ ညောင်လက်ဖက် ကန်ရှုခင်းကြည့်တောင်ကုန်းနှင့် စူဠာမဏိကန်ရှုခင်းကြည့် တောင်ကုန်းတို့မှ နေ၍ ပုဂံဒေသရှုခင်းများကို ကြည့်ရှုနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) က စီစဉ်ပေးထားသည်။ 

လက်ရှိတွင် ရှုခင်းကြည့်နေရာအသစ်များ ဖော်ထုတ်နိုင်ရန် နေရာရွေးချယ်လျက်ရှိရာ မင်းနန်သူကျေးရွာအနီးတွင် ရှုခင်းကြည့်နိုင်မည့်နေရာ ငါးနေရာခန့် တွေ့ရှိထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းစီမံချက်များ ရေးဆွဲကာ ဇန်နဝါရီနောက်ဆုံးပတ်အတွင်း ကျင်းပမည့် ပုဂံရှေးဟောင်း စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးတွင်  တင်ပြသွားမည်ဖြစ်ကြောင်း ဦးဝင်းမြင့်ခိုင်က ထပ်လောင်းပြောကြားသည်။

“ဘုရားပေါ်ကို တက်ခွင့်မရတော့ ဧည့်သည်တွေကို ရှုခင်းကြည့်တောင်ကုန်းတွေကိုပဲ လိုက်ပို့ပေးနေရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဧည့်သည်တွေက  တောင်ကုန်းတွေပေါ်ကနေကြည့်ဖို့ စိတ်မဝင်စားဘူး။ ဘုရားတွေပေါ်က ကြည့်ရတဲ့အရသာက အကောင်းဆုံးလို့ ဧည့်သည်တွေက ပြောကြတယ်” ဟု ပုဂံဧည့်လမ်းညွန်အသင်းနာယက ဦးခင်မောင်နုက ပြောကြားသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား၊ စေတီအဆူ ၄၀၀ ခန့် ထိခိုက်ပျက်စီးခဲ့ရသည်။ 

ယင်းသို့ထိခိုက်မှုများကြောင့် ဘုရားများ၏ ကြံ့ခိုင်ရေးနှင့် ရေရှည်တည်တံ့စေရေးအတွက် ရည်ရွယ်ကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) က ဘုရားများပေါ်သို့ တက်ရောက်ခွင့် ၂၀၁၇ နှစ်ကုန်ပိုင်းက ရုပ်သိမ်းထားခဲ့သည်။

M-05



FOLLOW US