News

POST TAGGED AS

ယစ်မျိုးအမှု

မန္တလေးတိုင်းတွင် သုံးနှစ်အတွင်း ယစ်မျိုးအမှု ငါးထောင်ကျော် ဖမ်းဆီး အရေးယူ
မန္တလေး၊ စက်တင်ဘာ ၂၃

မန္တလေး တိုင်းဒေသကြီးတွင် သုံးနှစ်အတွင်း ယစ်မျိုး အမှုပေါင်း ငါးထောင်ကျော် ဖမ်းဆီး အရေးယူခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောကြားသည်။

မြို့နယ်အလိုက် ခွင့်ပြုချက် လိုင်စင်ဖြင့် ဖွင့်လှစ် ရောင်းချနေသော အရက်၊ ဘီယာဆိုင်များအား လိုင်စင် စည်းကမ်းချက်နှင့်အညီ ရောင်းချခြင်း ရှိ မရှိ စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ရာတွင် ယင်းသို့ ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂ဝ၁၄ ခုနှစ်တွင် အမှု ၂၈၉၅ ခု ဖမ်းဆီးခဲ့ပြီး အမျိုးသား တရားခံ ၂၃၇၃ မှု၊ အမျိုးသမီး တရားခံ ၅၂၂ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၁၉၆၄ မှု၊ အမျိုးသား တရားခံ ၁၈၇၄ ဦး၊ အမျိုးသမီး တရားခံ ၉ဝ ဦး၊ ၂ဝ၁၆ ခုနှစ် သြဂုတ်လအထိ ၃၉၉ မှု၊ အမျိုးသား တရားခံ ၂၆၃ ဦး၊ အမျိုးသမီး တရားခံ ၈၂ ဦး၊ စုစုပေါင်း ၅၂၅၈ မှု၊တရားခံ အမျိုးသား ၄၅၁ဝ ဦး၊ အမျိုးသမီး ၆၉၄ ဦး ကို ဖမ်းဆီး အရေးယူထားကြောင်း ၎င်းက ပြောဆိုသည်။

ယစ်မျိုးလိုင်စင် ရယူ ဖွင့်လှစ်လိုပါက ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လျှောက်ထားရပြီး ခရိုင်မှ တစ်ဆင့် ရုံးချုပ်သို့ အဆင့်ဆင့် ရောက်ရှိကာ စိစစ် ခွင့်ပြုပေးနေကြောင်း ဗိုလ်မှူးကြီး မျိုးမင်းအောင်က ပြောကြားသည်။

ဥပဒေနှင့်အညီ ခွင့်ပြု ရောင်းချခွင့် ပေးထားသော်လည်း မန္တလေး ခရိုင်အတွင်းရှိ မြို့နယ် ၇ မြို့နယ်သို့ ကွင်းဆင်း လေ့လာမှုများအရ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း မရှိသော ဆိုင်များစွာ တွေ့ရှိနေရကြောင်း ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

“အရက် ဘီယာဆိုင်တွေ ပေါများနေတဲ့အတွက် အရက်သေစာ သောက်စားခြင်းကြောင့် လူငယ် လူရွယ်တွေရဲ့ အကျင့် စာရိတ္တ ယိမ်းယိုင်ပျက်စီး စေနိုင်ပါတယ်။ ဒါ့အပြင် ဥပဒေအရ မဟုတ်ဘဲ နားလည်မှုနဲ့ ခွင့်ပြုထားတဲ့ ဆိုင်တွေလည်း ရှိနေတဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အတွက် ရသင့်ရထိုက်တဲ့ ဘဏ္ဍာငွေလည်း ဆုံးရှုံးတယ်”ဟု ၎င်းက ပြောဆိုသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ရုံးချုပ်)မှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၇ ခုအတွက် ၅၈၈၇ ဆိုင်ကို ယစ်မျိုးလိုင်စင် ခွင့်ပြု ချထားပေးခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လကုန်အထိ တရားမဝင် ယစ်မျိုးဆိုင် ၂၉ ဆိုင်ကို ဖမ်းဆီး အရေးယူခဲ့ပြီး စုစုပေါင်း ဒဏ်ငွေ ကျပ် ၁၁၉ သိန်း ချမှတ်ခဲ့ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနထံမှ သိရှိရသည်။



FOLLOW US