News

POST TAGGED AS

မဏ္ဍိုင်

စတုတ္ထနှင့် ပဉ္စမမဏ္ဍိုင်
နိုင်ငံရေး (ဒီမိုကရေစီရေး)လို့ပြောရင် သီအိုရီအရ နိုင်ငံတော်ရဲ့ အာဏာခက်မကြီး သုံးဖြာကို အင်မတန်မှ အရေးကြီးကြောင်း ရေးသားကြ ပြောဆိုကြ သတ်မှတ်ကြပါတယ်။ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်။ ဒီမဏ္ဍိုင်သုံးရပ် ခိုင်မာရင် နိုင်ငံတော်ဆိုတာ ခိုင်မာတာပဲ။ ဒီမဏ္ဍိုင်သုံးရပ် တောင့်တင်းရင် နိုင်ငံတော်ဆိုတာ တောင့်တင်းတာပဲ။

သို့သော်။

ဘာအတွက်ကြောင့် ဒီမဏ္ဍိုင်သုံးရပ်ကို တောင့်တင်းအောင် တည်ဆောက်ဖို့ လိုအပ်တာလဲဆိုတဲ့မေးခွန်းက တစ်ဖက်မှာ ရှိနေပြန်ပါတယ်။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့လို့ ဖြေရင် ရပါတယ်။ မှန်လည်း မှန်ပါတယ်။ ဒီအဖြေမှာ နောက်ထပ်ဆက်ပြောစရာ နောက်ဆက်တွဲ ကိစ္စတွေလည်း ရှိနေပြန်ပါတယ်။ ဒါက ဘာလဲဆိုတော့ အနှစ်ချုပ်ပြောရရင် နိုင်ငံတော်ရဲ့ အကျိုးစီးပွားဆိုတာက လူထု (နိုင်ငံသားများ အားလုံး) ရဲ့ အကျိုးစီးပွားပဲ ဖြစ်ပါတယ်။ ဒီတော့ မဏ္ဍိုင်သုံးရပ် ခိုင်မာတောင့်တင်းရေးကိစ္စဟာ လူထုအကျိုးစီးပွားကို ဖော်ဆောင်ဖို့ဖြစ်တယ်၊ လူထုအကျိုးစီးပွားကို အာမခံချက် ရှိအောင် ထိန်းသိမ်းစောင့်ရောက်ပေးဖို့ဖြစ်တယ်ဆိုတဲ့ ကောက်ချက်ကို ဆွဲလို့ရပါတယ်။

လူထုဆိုတဲ့ နိုင်ငံသားများကို တစ်ခါ “ပဉ္စမမဏ္ဍိုင်”လို့ သတ်မှတ် ခေါ်ဝေါ်ထားတာ ရှိပြန်ပါတယ်။ တစ်ခါ ဒီမိုကရေစီဆိုတာကို အဓိပ္ပာယ် သတ်မှတ်ထားရာမှာလည်း အဓိက အကျဆုံး အထိရောက်ဆုံး အပေါ်လွင်ဆုံး အရှင်းဆုံး အတိုဆုံး ဖွင့်ဆိုချက်က လူထုအာဏာ (People Power) ဖြစ်ပါတယ်။ လူထုက အုပ်ချုပ်တဲ့စနစ်ကို ဒီမိုကရေစီလို့ ခေါ်ပါတယ်။ ပြည်သူလူထုက သူတို့ကိုယ်စား နိုင်ငံတော်ကို စီမံခန့်ခွဲဖို့ ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ပြီး တာဝန်ပေး (ခိုင်းစေ) တဲ့စနစ်ဖြစ်ပါတယ်။ လူထုသည်သာ အခရာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီမိုကရေစီကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရှိသော နိုင်ငံရေးစနစ်ရယ်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လူထုသည်သာ အခရာ။

ဒီလိုစဉ်းစားလိုက်ရင် နိုင်ငံတော်ကို တိုးတက်အောင် ခိုင်မာအောင် တည်ဆောက်ရေးသည် ပြည်သူလူထု အကျိုးစီးပွားဖြစ်သလို လူထုကိုယ်စားလှယ်များအဖြစ် နိုင်ငံတော် တည်ဆောက်ရေး တာဝန်ကို ယူကြရသူများအနေနဲ့လည်း ပြည်သူလူထုကို လုံးဝ ဥဿုံ တာဝန်ခံကြရပါတယ်။ ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ရပါတယ်။ ပြည်သူလူထုသည်သာ ပဓာန။

ဒီတော့ ပြည်သူလူထုဆိုတဲ့ ပဉ္စမမဏ္ဍိုင်သည် အခြေခံ အကျဆုံး အရေးပါဆုံးဆိုတာ အလွယ်တကူပဲ တွေ့မြင်နိုင်ပြန်ပါတယ်။ မဏ္ဍိုင်သုံးရပ် ခိုင်မာတောင့်တင်းဖို့ဆိုရင် ပဉ္စမမဏ္ဍိုင် ခိုင်မာဖို့ အားကောင်းဖို့က အခရာ ဖြစ်သလို နိုင်ငံတော်ကို စီမံခန့်ခွဲသော မဏ္ဍိုင်သုံးရပ်သည် ပဉ္စမမဏ္ဍိုင် တောင့်တင်းမှသာ ဖြစ်နိုင်တယ်ဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ ပြည်သူလူထုရဲ့ စားဝတ်နေမှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ အထူးသဖြင့် အသိပညာ ရေချိန်မြင့်မားမှသာ မဏ္ဍိုင်သုံးရပ်လည်း တောင့်တင်းနိုင်မယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။ အကြောင်းကတော့ ဒီနိုင်ငံတော်ကို စီမံခန့်ခွဲရန် တာဝန်ရှိတဲ့ မဏ္ဍိုင်သုံးရပ်ကို ဖွဲ့စည်းတည်ဆောက် တာဝန်ယူ ဆောင်ရွက်ရသူများသည်လည်း ပြည်သူလူထုထဲကပဲ ပေါ်ထွက်လာကြတာဖြစ်သောကြောင့်ပါ။ အပြန်အလှန်အားဖြင့်တော့ မဏ္ဍိုင်သုံးရပ် တောင့်တင်းလာတဲ့အခါ နိုင်ငံတော်နဲ့ လူထုလည်း တောင့်တင်းလာတဲ့သဘော ရှိပါတယ်။

အခြေခံအကျဆုံးက ပဉ္စမမဏ္ဍိုင်ပါ။ ဒါကို လုံးလုံးမေ့ထားလို့ လုံးဝ မဖြစ်ပါဘူး။ နိုင်ငံရေးသမားတိုင်း၊ နိုင်ငံရေး ပါတီတိုင်း ဦးထိပ်ထားရမယ့်ကိစ္စပါ။ လူထုသည် လွန်စွာအရေးပါတယ် ဆိုတဲ့ကိစ္စကို (ရွေးကောက်ပွဲ ကာလကလွဲရင်) မေ့လျော့ထားသူ လူပုဂ္ဂိုလ် အဖွဲ့အစည်းများရှိရင်လည်း ၎င်းတို့ဟာ လူထုကို မထီမဲ့မြင်ပြုရာကျပါလိမ့်မယ်။ လူထုကို မထီမဲ့မြင်ပြုခြင်းသည် တစ်ပြိုင်နက်တည်းမှာ နိုင်ငံတော်ကို မထီမဲ့မြင်ပြုခြင်းလည်း ဖြစ်ပါတယ်။

ဆောင်းပါး တစ်ဝက်ကျော်လာတဲ့အထိ မပြောရသေးတဲ့ ကြားထဲက မဏ္ဍိုင်တစ်ရပ် ရှိပါတယ်။ အားလုံး သိကြတဲ့အတိုင်း စတုတ္ထမဏ္ဍိုင် ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်က ဘယ်လောက် အရေးပါတယ် မပါဘူး ဒီဆောင်းပါးမှာ ရေးသားဖော်ပြမှာ မဟုတ်ပါဘူး။ မိမိတို့ဘာသာ ဆက်လက်တွေးတော ဆင်ခြင်ကြဖို့ပါ။ သို့သော် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာရဲ့ အခန်းကဏ္ဍကိုတော့ နည်းနည်းပါးပါး တင်ပြပါမယ်။

အားလုံးလည်း သိတန်သလောက် သိပြီးသား မေ့မေ့လျော့လျော့ ဖြစ်နေတဲ့ကိစ္စပါ။ မီဒီယာကို စတုတ္ထမဏ္ဍိုင်ရယ်လို့ သတ်မှတ်ထားရခြင်းကို ချင့်တွက်စဉ်းစားရင်ပဲ အဖြေက ပေါ်လာနိုင်တာပါ။

မီဒီယာဖြစ်တဲ့ စတုတ္ထမဏ္ဍိုင်က ၁။ နိုင်ငံတော် တည်ဆောက်ရေး၊ စီမံခန့်ခွဲရေးကို တာဝန်ယူရတဲ့ မဏ္ဍိုင်ကြီး သုံးရပ်ကို ထိန်းကျောင်းတည့်မတ်ပါတယ်။ ၂။ နိုင်ငံတော်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ပဉ္စမမဏ္ဍိုင် အားကောင်းမောင်းသန်ဖြစ်အောင်လည်း လေ့ကျင့်ပျိုးထောင်ပေးပါတယ်။ ကျကျနန တွေးတော ဆင်ခြင်ကြည့်နိုင်ရင် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အကြား “ပေါင်းကူးမဏ္ဍိုင်”သည် မီဒီယာဖြစ်ပါတယ်။

မီဒီယာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် တန်ဖိုးမရှိသလို အရေးမပါသလို တွေးခေါ်ခြင်း ပြောဆိုခြင်းရှိမယ်ဆိုရင် ဒါဟာ သဘော တရားမကျေညက်ခြင်းဖြစ်သလို အတွေးအခေါ် မရင့်ကျက်ခြင်းလည်း ဖြစ်ပါတယ်။ အမှန်တော့ နိုင်ငံရေးစနစ် ကောင်းကောင်းတစ်ခုကို ရရှိပိုင်ဆိုင်ဖို့ ပြန်လည် ထူထောင်နေရတဲ့ နိုင်ငံတော်တစ်ခုမှာ ရှိသမျှမဏ္ဍိုင်များ အားလုံးက အင်အားချည့်နဲ့နေကြတာချည်းပါ။ ဘယ်မဏ္ဍိုင်မှ လောက်လောက်လားလားမရှိပါ။ လောက်လောက်လားလားဖြစ်အောင် တည်ဆောက်ကြရပါတယ်။ ထူထောင်ကြရပါတယ်။ ဒါသည်ပင် နိုင်ငံတော် တည်ဆောက်ရေးမည်ပါတယ်။ နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီးသုံးရပ် အားကောင်းမောင်းသန် ဖြစ်ဖို့ရော ပြည်သူလူထုရဲ့ အသိပညာရေချိန် မြင့်မားလာရေးအတွက်ပါ စတုတ္ထမဏ္ဍိုင်သည် တာဝန်ရှိပါတယ်။ တာဝန်ယူရပါတယ်။

စတုတ္ထမဏ္ဍိုင်မှာ အပြစ်အနာအဆာတွေရှိလို့ အားနည်နေတယ် သူ့တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်သေးဘူးလို့ ပြောရင် လုံးဝ မှန်ပါတယ်။ သို့သော် နိုင်ငံတော်က ချည့်နဲ့နေတဲ့ အခြေအနေတစ်ရပ်မှာ နိုင်ငံတော်ရဲ့ မဏ္ဍိုင်သုံးရပ်လည်း ချည့်နဲ့နေတတ်သလို အခြေခံအကျဆုံးဖြစ်တဲ့ ပဉ္စမမဏ္ဍိုင်သည်လည်း ချည့်နဲ့နေတတ်၊ အပြစ်အနာအဆာတွေ ရှိနေတတ်ပါတယ်။

တစ်ပြိုင်နက်တည်းမှာ မဏ္ဍိုင်ငါးရပ်ကို ဝိုင်းဝန်း တည်ဆောက်ဖြည့်ခြင်းသည်သာ အကောင်းဆုံးသော နိုင်ငံတော် တည်ဆောက်ရေးနည်းလမ်း ဖြစ်ပါတယ်။

မဏ္ဍိုင်ငါးရပ် အထူးသဖြင့် နောက်ဆက်တွဲ မဏ္ဍိုင်နှစ်ရပ်လို့ သာမန်အားဖြင့် မှတ်ယူထားကြသော စတုတ္ထနဲ့ ပဉ္စမမဏ္ဍိုင်တို့နဲ့ ပတ်သက်ရင် တွေးတောဆင်ခြင်စရာ စဉ်းစားသုံးသပ်စရာများ များစွာ ရှိနေပါသေးတယ်။ ကျန်တဲ့အပိုင်းကိုတော့ စာဖတ်သူများ ဆက်လက်တွေးဆ ဆင်ခြင်ဆုံးဖြတ်နိုင်ကြရန် ချန်လှပ်ထားပါရစေ။ 

မင်းနွယ်



FOLLOW US