News

POST TAGGED AS

မန္တလေး

09-Jun-2017

ပုဂံ မန္တလေး
‘ကျွန်’ ရုပ်ရှင်ဇာတ်ကား ပုဂံဒေသခံများ ကန့်ကွက်၊ အစိုးရ ခွင့်ပြုချက်ဖြင့် ရိုက်သည်ဟု ဒါရိုက်တာဆို
မန္တလေး၊ ဇွန် ၉

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် နေထိုင်သည့် ဒေသခံများ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟုဆိုသော ‘ကျွန်’ ရုပ်ရှင်ဇာတ်ကားနှင့် သက်ဆိုင်သူများကို ကန့်ကွက်ကြောင်း တိုင်ကြားစာကို ဇွန်လ ၁၀ ရက်နေ့တွင် ရုပ်ရှင်အစည်းအရုံးထံ ပေးပို့မည် ဖြစ်ကြောင်း ညောင်ဦးမြို့ အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောကြားသည်။

အဆိုပါ ဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကမူ ‘ကျွန်’ ရုပ်ရှင်ဇာတ်လမ်းနှင့် အမည်ကို ပြန်ကြားရေး ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ရိုက်ကူးခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အမှတ် (၅) ရပ်ကွက်ရှိ မင်္ဂလာသာစည်ရပ်ကွက်ကို အခြေတည်၍ ရိုက်ကူးထားသည့် ယင်းဇာတ်ကားမှာ လူတန်းစား ခွဲထားမှုကို သရုပ်ဖော်ခြင်း၊ ဆင်းရဲနွမ်းပါးသော ဒေသခံအဖြစ် သရုပ်ဆောင်သည့် ဇာတ်ကောင်များ၏စရိုက်တွင် သမိုင်းတိကျမှု မရှိသော ဘုရားကျွန်နှင့် မျိုးရိုးများ၊ ဇာတ်နိမ့်ကျသူများ၊ နူနာရောဂါသည်များ၊ ဆင်းရဲနိမ့်ပါးသော အိမ်ဖော်များအဖြစ် ဒေသနေ ပြည်သူအချို့ကို သရုပ်ဖော်ခဲ့ခြင်းကြောင့် ဒေသခံတို့၏ ဂုဏ်သိက္ခာ ကျဆင်းစေခဲ့ကြောင်း ဦးစန်းမောင်က ပြောဆိုသည်။

ဇာတ်လမ်းကျောရိုးနှင့် အမည်ကို ပြန်ကြားရေး ဝန်ကြီးဌာနကို ဦးစွာတင်ပြကာ ယင်းဌာန၏ ခွင့်ပြုချက်ဖြင့် ရုပ်ရှင်အစည်းအရုံးထံသို့ ရိုက်ကူးခွင့် တင်ပြရကြောင်း၊ အဆိုပါ အစည်းအရုံးက ရိုက်ကူးခွင့်ပြုမှသာ ခရီးထွက်ရကြောင်း ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ဆိုသည်။

ယင်းအပြင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) သို့ ထပ်မံအကြောင်းကြားရကာ ယင်းဌာနက ခွင့်ပြုချက်ရမှ ရိုက်ကူးရကြောင်း ၎င်းက ပြောဆိုသည်။
“ပုဂံရှေးဟောင်းက နေပြည်တော် ယဉ်ကျေးမှုကို တင်ပြတယ်။ အဲဒီက ခွင့်ပြုချက်နဲ့ ရိုက်တာပါ။ ရိုက်တာကလည်း လူ ၈၀ နီးပါးလောက်နဲ့ ရိုက်တာ။ ခိုးကြောင်ခိုးဝှက်နဲ့ ရိုက်တာမဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ကျွန်ဇာတ်ကားနှင့် ပတ်သက်၍ ဆင်ဆာအဖွဲ့ကို ပုဂံဒေသခံများက  တိုင်ကြားခြင်း မရှိသေးကြောင်း၊ ယင်းဇာတ်ကားသည် ခွင့်ပြုချက်ဖြင့် ရိုက်ကူးခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၊ ရုပ်ရှင်ဆင်ဆာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က ပြောကြားသည်။

ပုဂံဒေသသို့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးမည့် ‘အမှောင်တွေ ရွာချတဲ့ မိုးတိမ်’ ဇာတ်ကားကို ခွင့်ပြုချက်ပေးရန် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ဟိန်းမင်းဆိုသူ၏ အမည်ဖြင့် ရှေးဟောင်းသို့ လာရောက်တင်ပြသည်ကို တွေ့ရှိရပြီး  ဇာတ်လမ်းထွက်ရှိလာချိန်တွင် ‘ကျွန်’  ဟူသည့် အမည် ပြောင်းလဲခဲ့သည်ဟု ယူဆကြောင်း အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းမောင်က ပြောဆိုသည်။

ပုဂံခေတ်တွင် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သဖြင့် မိမိကိုယ်ကိုယ် ဘုရားတွင် ဝေယျာဝစ္စ လုပ်ငန်းများ လုပ်ကိုင်ရန် လှူဒါန်းကြကြောင်း၊ ဘုရားကျွန်များသည် လိုက်လံတောင်းစားသည်ဟု သမိုင်းကျောက်စာများတွင် မတွေ့ရှိရဖူးကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးသည့် ဦးအောင်ကြိုင်က  မှတ်ချက်ပြုသည်။

ကျွန်ရုပ်ရှင်ကား ရုံတင်ပြသမှု ချက်ချင်းရပ်ဆိုင်းပေးရန်၊ အင်္ဂလိပ်စာတမ်းထိုး၍ နိုင်ငံခြားတွင် ပြသခြင်းမပြုရန်၊ ဗီဒီယိုဇာတ်ကားအဖြစ် လုံးဝဆက်လက်မထုတ်ရန်နှင့် ခိုးကူးခွေများ ပေါ်မလာရေး  ကြပ်မတ်ပေးရန်၊ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင် ပြသခြင်း၊ ပြိုင်ပွဲဝင်ခြင်းများ မပြုရန်နှင့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် စသည့် အချက်များကို တောင်းဆိုရန်အတွက် ဒေသခံတို့၏ ဆန္ဒသဘောထား ကောက်ယူမှုကို ဇွန်လ ၇ ရက်နေ့က ညောင်ဦးမြို့ မင်္ဂလာသာစည်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။

‘ကျွန်’ ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းဖန်တီးသူ ကနုတ်မေ၏ ဇာတ်လမ်းကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးခဲ့ပြီး နေတိုး၊ မြင့်မြတ်၊ ဝတ်မှုံရွှေရည်တို့က သရုပ်ဆောင်ထားကြသည်။ အောင်တိုင်းကျော်ရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်ခဲ့သည်။



FOLLOW US