News

POST TAGGED AS

မန္တလေး

မန္တလေးတိုင်းလွှတ်တော်အသစ်သို့ မေလကုန်ပိုင်း ရွှေ့မည်

မန္တလေး၊ မတ် ၅

အောင်မြေသာစံမြို့နယ် ရတနာပုံ တိရစ္ဆာန်ဥယျာဉ်အနီးတွင် တည်ဆောက်နေသော မန္တလေးတိုင်းလွှတ်တော် အဆောက်အအုံသစ် ရာနှုန်းပြည့်နီးပါး  ပြီးစီးနေပြီဖြစ်ပြီး မေလကုန်ပိုင်းတွင် ပြောင်းရွှေ့မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယင်းအဆောက်အအုံအသစ်ကို နှစ်ထပ်အဆောက်အအုံအဖြစ် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ပင်မ အဆောက်အအုံ ပြီးစီးနေပြီဖြစ်ကာ လမ်းများ၊ သစ်ပင်ပန်းမန်များ၊ အဆောက်အအုံအတွင်း ဓာတ်လှေကားများ ပြင်ဆင်မှု မပြီးစီးသေးသည့်အတွက် လတ်တလော ရွှေ့ပြောင်းရန် မဖြစ်နိုင်သေးကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောကြားသည်။

“ဆောက်ထားတာက နှစ်ထပ် အဆောက်အအုံ ဖြစ်ပေမယ့် တော်တော်မြင့်တဲ့အတွက် ဓာတ်လှေကား တပ်ဖို့  ဒီနှစ် ဘတ်ဂျက်မှာ တင်လိုက်တယ်။ အစိုးရအဖွဲ့ကလည်း ခွင့်ပြုထားတယ်။ ပြီးတော့ Landscaping ပေါ့၊ ဥယျာဉ်တွေ၊ လမ်းတွေ လုပ်နေတာလည်း မပြီးသေးဘူး။ မေလထဲမှာ လွှတ်တော်ခေါ်ဦးမယ် ဆိုရင်တောင် ဒီမှာပဲ ရှိဦးမယ်။ မေလကုန်လောက်မှ ရွှေ့နိုင်မယ်”ဟု ၎င်းက ရှင်းပြသည်။

လွှတ်တော် အဆောက်အအုံသစ်တွင် စီစီတီဗီ ကင်မရာများ၊ မိုက်ကရိုဖုန်းများ၊ လေအေးပေးစနစ်များ၊ မီးစက်များ၊ တပ်ဆင်ရန် ကျန်ရှိနေသေးပြီး တင်ဒါခေါ်၍ တပ်ဆင်နေကြောင်း၊ လွှတ်တော်ဟောင်းတွင် တပ်ဆင်ထားသည့် ပစ္စည်းများကို ရွှေ့ပြောင်းနိုင်ရန်လည်း စီစဉ်ရဦးမည်ဖြစ်ကြောင်း ဦးအောင်ကျော်ဦးက  ထပ်လောင်း ပြောကြားသည်။

နယ်ဝေးမှ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် တက်နေချိန်တွင် နားနေနိုင်ရေးအတွက် လွှတ်တော် အဆောက်အအုံသစ်၏ နောက်ကျောဘက် မြေလွတ်နေရာတွင် အဆောက်အအုံများ ဆောက်လုပ်ခွင့် ရရှိရေးအတွက်လည်း အစိုးရအဖွဲ့နှင့် ညှိနှိုင်းလျက်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့ထံမှ သိရသည်။

“လွှတ်တော်ဟောင်းကို ဧည့်ရိပ်သာအဖြစ် ထားပေးဖို့ အစိုးရအဖွဲ့ကို တင်ပြပေမယ့် ဝန်ကြီးချုပ်က ခွင့်မပြုဘူး။ ဒါကြောင့် လွတ်နေတဲ့ မြေသုံးဧကထဲမှာ ဆောက်လုပ်ခွင့်ရဖို့ ညှိနေတာ ရှိပါတယ်”ဟု မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ထပ်လောင်း ပြောကြားသည်။

အောင်မြေသာစံမြို့နယ် ၆၄ လမ်းနှင့် ၆၅ လမ်းကြား၊ ၂၄ လမ်းပေါ်ရှိ လက်ရှိ လွှတ်တော် အဆောက်အအုံသည် ယခင်က ဗဟိုတရားရုံး ဖြစ်ခဲ့ပြီး ယင်းနောက်တွင်မူ တရားရုံးချုပ်အဖြစ် ရှိခဲ့ရာမှ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရလက်ထက်တွင် တိုင်းဒေသကြီးလွှတ်တော် ဖြစ်လာခဲ့သည်။

လွှတ်တော် အဆောက်အအုံသစ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

M-04



FOLLOW US