News

POST TAGGED AS

မန္တလေး

26-Nov-2016

ဆိုင်ကယ်
ဆိုင်ကယ်မစီးရ မြို့တော်မှ ဆိုင်ကယ်ဈေးကွက်
အာရှနိုင်ငံများအနက် ဆိုင်ကယ်စီးခွင့် မရှိသည့် တစ်ခုတည်းသော မြို့တော်မှာ ရန်ကုန် ဖြစ်သည်။
 
သို့သော် ယင်းမှာ ယုံတမ်းပုံပြင် တစ်ခုသာ ဖြစ်သည်။ ခြေချင်းလိမ်နေသည့် ဆိုင်ကယ်များက ဆင်ခြေဖုံး ရပ်ကွက်များ တွင်သွားလာနေသည်မှာ ပြောင်ပြောင်တင်းတင်းပင်။ တစ်ခါတစ်ရံ ရန်ကုန်မြို့တွင်း မြို့နယ်များတွင်ပင် ကြိုကြားတွေ့နိုင်သေးသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ ခု တွင် ဒေသန္တရအမိန့်ဖြင့် ဆိုင်ကယ်စီးခွင့် ရှိသည့် မြို့နယ်မှာ နှစ်မြို့နယ်သာ ရှိသည်။ မြစ်ခြားနေသည့် ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်တို့ ဖြစ်သည်။ ကျန်မြို့နယ်များတွင် စီးနင်းခွင့် လုံးဝမရှိ။

ယင်းသို့ တရားဝင် စီးနင်းခွင့် မရှိသော်လည်း လိုအပ်ချက်အရ ပြည်သူများက စီးနင်းဆဲ။ ထို့အတူ မှောင်ခိုဆိုင်ကယ် ရောင်းချနေသည့် ဈေးကွက်ကလည်း ဖုံးဖိနေစရာ မလို။ စီးသူရော ရောင်းသူရော တရားမဝင် ပေါ်တင်ဈေးကွက်တွင် အလုပ် ဖြစ်နေကြသည်။ 

လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ကိုကျော်အောင်ဆိုလျှင် အိမ်သုံး ဆိုင်ကယ်နှစ်စီးထိ ဝယ်ယူထားသည်။ လိုင်စင်ရှိ တစ်စီးနှင့် လိုင်စင်မဲ့ တစ်စီး။ 

“ဇာတိမြို့ပြန်ရင် နယ်ကျော်ဖြတ်ရတယ် ဆိုတော့ လိုင်စင်ရှိတဲ့ဘီးကို စီးတယ်” ဟု ၎င်းက ဆိုသည်။ 

ဈေးသက်သက်သာဖြင့် ဝယ်ယူထားသည့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်ကိုတော့ ကားပိတ်၊ လမ်းပိတ်ယာဉ်ကြောကျပ်သည့် ရန်ကုန်၏ လမ်းမပေါ်တွင် ကိုကျော်အောင်က အသုံးပြုသည်။ 

သူ၏ ကာလတန်ဖိုး လေးသိန်းဝန်းကျင်ခန့် ရှိသည့် တရုတ်ဆိုင်ကယ်မှာ အသစ်နီးပါး။ အနီရောင်တောက်တောက်။ လိုင်စင်ကတော့ မပါ။ ဒီအတွက်လည်း သူက စိုးရိမ်သည့် အရိပ်အယောင်မရှိ။ ဆင်ခြေဖုံး ရပ်ကွက်များတွင် သူလိုကိုယ်လို လိုင်စင်မဲ့ဆိုင်ကယ် အများအပြားပင်။

လှိုင်သာယာ မြို့နယ်ကဲ့သို့ ဆင်ခြေဖုံး မြို့နယ်များတွင် ဆိုင်ကယ်ဝယ်ယူရန် လွယ်ကူသည်။ ရပ်ကွက်၊ လမ်းအတွင်းက ဆိုင်ကယ်စီးနင်းသူ အချင်းချင်း လက်ပြောင်းရောင်းချသည့် နေရာက ရွေးချယ်ဝယ်ယူနေကြသည်။ 

ယင်းအပြင် လူမှုကွန်ရက်ပေါ်က တစ်ပတ်ရစ် ဆိုင်ကယ်အကြီး၊ အသေး ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်သည်။ အသစ်ဝယ်ယူမည် ဆိုပါကလည်း လှိုင်သာယာမှ တရုတ်နိုင်ငံထုတ် ဆိုင်ကယ် အရောင်းပြခန်းများတွင် ဖြစ်စေ၊ ရွှေပြည်သာမြို့နယ်မှ ဆိုင်ကယ်အရောင်းဆိုင်များတွင် ဖြစ်စေ ဝယ်ယူနိုင်နေသေးသည်။

သို့သော် ကိုကျော်အောင်ကတော့ ထိုနည်းလမ်းများကို မသုံးခဲ့။

ယင်းထက် ရွေးချယ်စရာ စုံလင်သည့် ရန်ကုန်မြို့ တစ်ဖက်ကမ်း သန်လျင်မြို့တွင် သွားရောက်ဝယ်ယူခဲ့သည်။ ကိုကျော်အောင်ကဲ့သို့ ရန်ကုန်မှ သန်လျင်မြို့သို့ ဆင်း၍ ဆိုင်ကယ်ဝယ်ယူသူများကြောင့် သန်လျင်မြို့၏ ဆိုင်ကယ် အရောင်းအဝယ်ဈေးကွက်မှာ ပိုမိုအလုပ်ဖြစ်ကြောင်း သန်လျင် ဆိုင်ကယ်ပွဲစားများက ဆိုသည်။

ပဲခူးဆိုင်ကယ်ဈေးကွက်မှာလည်း ထို့အတူပင်။ ပဲခူးမြို့၏ သနပ်ပင်လမ်း တစ်လျှောက်ရှိ ဆိုင်ကယ်ပွဲစားတန်းလည်း ပိုမိုအလုပ်ဖြစ်သည်။

ဆိုင်ကယ်ဝယ်လိုသူများက ငွေထုတ်ပိုက်၍ လမ်းလျှောက်ရုံပင်။ ကြိုက်နှစ်သက်ရာ တံဆိပ်၊ အရောင် စိတ်ကြိုက်ရွေး ချယ်နိုင်ကြသည်။

ဆိုင်ကယ်မှာ စက်ဘီးနှင့်ယှဉ်လျှင် စက်တပ်ယာဉ် ဖြစ်သည့်အတွက် လိုရာခရီးကို သွားရလွယ်ကူခြင်း၊ ဈေးနှုန်းသက်သာခြင်း အားသာချက်များ ရှိနေသည်။ ဘတ်စ်ကားကျပ်ကျပ်၊ လမ်းကျပ်ကျပ်ပေါ်တွင် အချိန်ကုန်ခံ စောင့်ဆိုင်းမည့်အစား လွယ်ကူလျင်မြန်သည့် ဆိုင်ကယ်စီးလိုက်ခြင်းက  မြို့စွန်ရပ်ကွက်တွင် နေထိုင်သူများအတွက် ပိုမိုအလုပ်တွင်စေသည်။

ထို့ကြောင့်ပင် တားမြစ်ချက်များ မည်သို့ပင် ထုတ်ထုတ် ဆင်ခြေဖုံး မြို့နယ်များကြားတွင် ဆိုင်ကယ်စီးနင်းမှုမှာ အခိုင်မာ သန္ဓေတည်လျက် ရှိသည်။ ထိုကြောင့် ထူးမဆန်းလှစွာပင် ဆိုင်ကယ်ဈေးကွက်တွင်လည်း နေ့စဉ် အရောင်းဝယ် ဖြစ်နေကြောင်း ဆိုင်ကယ်ဝယ်ရောင်း လုပ်ကိုင်သူများက ဆိုသည်။

“အလုပ်ဖြစ်တာကတော့ တရုတ်ဘီးတွေပဲ။ မစီးချင်လို့ ပြန်ရောင်းရင်လည်း လွယ်တယ်” ဟု သန်လျင်မြို့မှ ဆိုင်ကယ်ပွဲစား ကိုသိမ့်သူက ဆိုသည်။

ဈေးမြင့်သည့် တစ်ပတ်နွမ်း ထိုင်းဘီးများနှင့်ယှဉ်လျှင် တရုတ်ဆိုင်ကယ် အသစ်များမှာ ဈေးသက်သာပြီး အသစ်ဖြစ်သည့်အတွက် လူကြိုက်ပိုများသဖြင့် နေ့ချင်းပြီး အလွယ်တကူ လက်ပြောင်းရောင်းနိုင်သည်ဟု ၎င်းက ထပ်မံရှင်းပြသည်။ 

တစ်ပတ်နွမ်း ထိုင်းဘီးများမှာ အင်ဂျင်ပါဝါနှင့် ရုပ်ထွက်ပေါ် မူတည်၍ အနိမ့်ဆုံး ကျပ်သုံးသိန်းမှ ရှစ်သိန်းကျော်ထိ ကာလပေါက်ဈေး ရှိနေသည်။

ဂျပန်နိုင်ငံထုတ် YAMAHA ကဲ့သို့ ဆိုင်ကယ်များမှာ အရည်အသွေး ကောင်းသောကြောင့် လူကြိုက်များပြီး ဈေးအမြင့်ပိုင်းတွင် ရှိနေသည်။ သို့သော် အနည်းဆုံး ၂၅ သိန်းခန့် တန်ကြေးရှိသည့် ဂျပန်ဘီးမှာ ငွေကြေးတတ်နိုင်သူများက လွဲ၍ အခြေခံလူတန်းစားများ လက်မလှမ်းနိုင်။

တစ်ပတ်နွမ်း တရုတ်ဆိုင်ကယ်များမှာတော့ အနိမ့်ဆုံး ကျပ်နှစ်သိန်းခန့်မှ ရှိသည်။ ၎င်းကို ဆိုင်ကယ်ကယ်ရီ အဖြစ် အသက်မွေးဝမ်းကျောင်းပြုသူ အများစု ရွေးချယ်ကြကြောင်း ပွဲစားများက ဆိုသည်။

ဆိုင်ကယ်အသစ်များမှာ တစ်ပတ်ရစ်များထက် ဈေးကြီးသည်။ လှသည်။ သစ်သည်။ သို့သော် ပါကင်ဖောက်၍ ဝယ်ယူပြီးသည်နှင့် တစ်ပြိုင်နက် ဝယ်ဈေးထက် တစ်သိန်းအောက် လျော့ကျသွားကြောင်း ဝယ်ရောင်းများက ဆိုကြသည်။ 

“ခုအရောင်းအဝယ် ဖြစ်တာကတော့ ခြောက်သိန်းနဲ့ ဆယ်သိန်းပတ်လည် ဆိုင်ကယ်တွေပဲ။ ကျွန်တော်တို့ကတော့ ဘယ်သူလာလာ ရောင်းပေးတယ်။ အစိုးရက မြို့တွင်းမှာ စီးခွင့်ပေးမထားတော့ ဒီအပိုင်းကို (ဖမ်းဆီးခံရမှု) တော့ တာဝန်မယူဘူး” ဟု ပုလဲမြို့သစ် UM ဆိုင်ကယ်အရောင်းပြခန်း အရောင်းမန်နေဂျာ ကိုသီဟက ဆိုသည်။ 

၎င်းတို့ အရောင်းပြခန်းရှိ ဘီးအားလုံးမှာ လိုင်စင်ဘီးများ ဖြစ်ပြီး နယ်ဝယ်လက်များနှင့် ရန်ကုန်မှ ဝယ်လက်များ လာဝယ်လေ့ ရှိကြသည်။ 

ပဲခူးမှ ဆိုင်ကယ်ဝယ်ယူပြီး ရန်ကုန်မြို့တွင်းသို့ သယ်ယူရာတွင် တရားဝင် စီးနင်းခွင့် မရှိသည့်အတွက် အခက်အခဲ ရှိသည်ဟု ယူဆနိုင်သည်။ သို့သော် လက်တွေ့တွင်တော့ မခဲယဉ်း။ 

ပဲခူးတွင် ဆိုင်ကယ် ဝယ်ယူလိုက်ပါက နေအိမ်အရောက် မောင်းပေးသည့် ဆိုင်ကယ်ကယ်ရီသမားများ ရှိသည်။ ၎င်းတို့က မြို့ရှောင်လမ်းများ၊ ဖြတ်လမ်း၊ ကြားလမ်းများကို အသုံးပြုသည်။ ဝယ်ယူထားသည့် ဆိုင်ကယ်ကို ကယ်ရီသမာ တို့က အိမ်တိုင်ရာရောက် ချောချောမောမော လိုက်ပို့ပေးမည် ဖြစ်သည်။ ဝယ်ယူသူက သီးသန့်ကယ်ရီခ ပေးလိုက်ရုံသာ။

ကိုယ်ပိုင်ကားရှိသူများက ဆိုင်ကယ်ကို ကားပေါ်တင်၍ နေအိမ်ကို မောင်းလာရုံသာ ဖြစ်သည်။ 

“ပဲခူးက ကိုယ့်ဘာသာ ကိုယ်မောင်းလာတာ။ ပဲခူးအထွက်မှာတော့ ရဲရှိနိုင်လို့ ဒီတစ်ချက်ပဲ သတိထားရတယ်” ဟု မြောက်ဥက္ကလာမြို့နယ်မှ တရုတ်နိုင်ငံထုတ် JLM အမျိုးအစား ဆိုင်ကယ်ဝယ်ယူထားသူ တစ်ဦးက ဆိုသည်။

ဆိုင်ကယ်စီးသူများမှာ နယ်ကျော်တင်သွင်း၍ သာမက သာမန်အချိန် ဆိုင်ကယ် အသုံးပြုရာတွင်လည်း အဖမ်းအဆီးကို သတိထားလေ့ရှိပြီး မတော်တဆ ဖမ်းဆီးခံရလျှင် လက်ဝယ်ပိုင်ဆိုင်ထားသည့် ဆိုင်ကယ်မှာ လိုင်စင်မဲ့ ဆိုပါက အပြီးတိုင် ပျောက်ဆုံးကိန်း ဆိုက်နိုင်သည်။

“အတိမ်းအစောင်း မခံနိုင်တဲ့သူက လိုင်စင်ယူထားကြတယ်။ ရဲဖမ်းခံရရင် ဒဏ်ကြေးဆောင်ပြီး ပြန်ထုတ်လို့ ရတယ်။ လိုင်စင်မပါရင်တော့ ပြန်မရဖို့ များတယ်” ဟု သန်လျင်မြို့မှ ဆိုင်ကယ်ပွဲစား  ကိုသိမ့်သူက ရှင်းပြသည်။

ထို့ကြောင့်ပင် Black ဟု ခေါ်သည့် လိုင်စင်မဲ့ဘီးကို ဝယ်ယူထားသော်လည်း ဆိုင်ကယ်ဝယ်ယူသူတိုင်း လိုင်စင်ကိုတော့ မက်မောကြသည်။ 

လိုင်စင်မဲ့ ဆိုင်ကယ်ကို အမည်ပေါက်လိုင်စင် ရယူလိုပါက ရန်ကုန်နှင့် အနီးဆုံး ပဲခူးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ရယူနိုင်ကြောင်း ပွဲစားများက ညွှန်းဆိုကြသည်။

ပဲခူးမြို့တွင် နေထိုင်သည့် အထောက်အထား မရှိဘဲ လိုင်စင်လျှောက်ထား၍ မရနိုင်သော်လည်း ဆိုင်ကယ်ပွဲစားများက ယင်းအတွက် ဝန်ဆောင်မှု ပေးသေးသည်။

“လိုင်စင်ရဖို့လည်း လုပ်ပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မှတ်ပုံတင် အိမ်ထောင်စုဇယားနဲ့ လျှောက်ရတော့ လိုင်စင်က ပိုင်ရှင်နာမည်တော့ ပေါက်မှာမဟုတ်ဘူး” ဟု ပဲခူးမြို့မှ ဆိုင်ကယ်ပွဲစား ကိုဇင်ဘိုက ဆိုသည်။

အမည်ပေါက်လိုင်စင် မဟုတ်သဖြင့် တရားဝင်စေရန် ပိုင်ရှင်ကို အရောင်းအဝယ်စာချုပ်ဖြင့် ပြန်လည်ချုပ်ဆိုပေးရကြောင်းကိုလည်း ၎င်းက ဆိုသည်။

လိုင်စင်စည်းကမ်းများအရ BGO နံပါတ်ပြားပါ ဆိုင်ကယ်ကို ပဲခူးတိုင်းဒေသကြီး အတွင်းတွင်သာ တရားဝင် မောင်းနှင်ခွင့်ရမည် ဖြစ်သည်။ သို့သော် ရန်ကုန်မြို့မှ ဆိုင်ကယ်ဝယ်ယူသူများက ဆိုင်ကယ်  အဖမ်းခံရပါက သို့မဟုတ် ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ဆိုင်ကယ် မဆုံးရှုံးစေရန် လိုင်စင်ဝင်နေကြခြင်းလည်း ဖြစ်သည်။

“အဖမ်းခံရတာတော့ ခြောက်ခါလောက် ရှိတယ်။ ဆိုင်ကယ်က မှော်ဘီလိုင်စင်နဲ့ဆိုတော့ နယ်ကျော်တဲ့ပုံစံနဲ့ ဖမ်းတာ။ ဒဏ်ကြေးက ခုနှစ်သောင်းလောက် ဆောင်ရင် ဆိုင်ကယ်တော့ ပြန်ရတယ်” ဟု အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ဆိုင်ကယ်ကယ်ရီသမား တစ်ဦးက ဆိုသည်။

ယင်းသို့ ဖမ်းဆီးခြင်းကို ၂၀၁၄ ခုနှစ် စည်ပင်သာယာ ဥပဒေဖြင့် အရေးယူနေခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့သည့် အမိန့်အရ ရန်ကုန်မြို့တော် စည်ပင်သာယာ ဧရိယာအတွင်းရှိ ရွှေပြည်သာ၊ လှိုင်သာယာ အပါအဝင် ၃၃ မြို့နယ်ကို မော်တော်ဆိုင်ကယ် စီးနင်းဝင်ရောက်ခွင့် လုံးဝမရှိ။

ယင်းမတိုင်ခင် စစ်အစိုးရ လက်ထက်ကလည်း အုပ်ချုပ်မှု အာဏာသုံး၍ ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ခဲ့သည်။ သို့သော် အမိန့်ထုတ်ပြန်ချက်မှာ ဥပဒေနှင့် မညီသဖြင့် ယင်းစည်ပင်သာယာ ဥပဒေဖြင့် ပြောင်းလဲတားမြစ်ခဲ့ကြောင်း ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။ 

ထို့ကြောင့် အခြားမြို့နယ်များ၏ လိုင်စင်ဖြင့် ကန့်သတ်ထားသည့် နယ်မြေကို ဝင်ရောက်ပါက စည်ပင်ဥပဒေဖြင့် အများဆုံး ဒဏ်ငွေသုံးသိန်း သို့မဟုတ် ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်ပြီး လိုင်စင်မဲ့ဆိုင်ကယ် ဆိုပါက ပို့ကုန်၊ သွင်းကုန် ဥပဒေအရ ဆိုင်ကယ်ကို သိမ်းဆည်းနိုင်ခွင့် ရှိသည်။

“စီးခွင့်ရတဲ့ မြို့နယ်တွေရဲ့ ဆက်စပ်မြို့နယ်တွေ မင်္ဂလာဒုံ၊ တောင်ဒဂုံလိုမျိုးတွေမှာ ပိုများတယ်။ မြို့ထဲမှာကျတော့ စီးနင်းခွင့်ပေးတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကလည်း ရှိနေသေးတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသည်။

စည်ပင်သာယာကော်မတီ စီမကိန်း ဌာနမှူး အဆိုအရ တိုင်းဒေသကြီးအစိုးရက တရားဝင် စီးနင်းခွင့်ရှိသည့် အစိုးရ ဌာနများကို သတ်မှတ်ပေးထားခြင်း ဖြစ်ပြီး စည်ပင် အပါအဝင် ရဲ၊ လျှပ်စစ်၊ စာတိုက် ဝန်ထမ်းတို့ စီးနင်းနိုင်သည်ဟု ဆိုထားသည်။

သို့သော် တာဝန်ရှိသူများက ဆိုင်ကယ်စီးနင်းခွင့် ရှိသည့် အစိုးရဌာနများကို တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိကြပေ။

စီးခွင့်ရှိသူများနှင့် စီးခွင့်မရှိသူများ  ရောနှောထားသည့် ရန်ကုန်မြို့တွင် ဆိုင်ကယ်များကို ဖမ်းဆီးရသည့် ယာဉ်ထိန်းရဲများ အနေနှင့်လည်း မလွယ်ကူပေ။ ဥပဒေအရ ရင်မဆိုင်လိုကြသဖြင့် ထွက်ပြေးသူများလည်း ရှိသည်။ အရှိန်ဖြင့် မောင်းထွက်သည့် ဆိုင်ကယ်ကို ယာဉ်ထိန်းရဲများက ပြေးလိုက်၍ မဖမ်းဆီးနိုင်။ 

ဆိုင်ကယ်မှာ လမ်းကြိုလမ်းကြားများတွင် ရှောင်တိမ်း၍ ထွက်ပြေးနိုင်သဖြင့် ကားဖြင့်လည်း ဖမ်းဆီးနိုင်ရန် ခက်သေးသည်။

“ပြေးရင်း လမ်းပေါ်က လူကို တိုက်တယ်။ ကားနဲ့ တိုက်တယ်။ ဖမ်းဖို့ထက် သူတို့ အန္တရာယ် မဖြစ်ဖို့လည်း ဂရုစိုက်ရသေးတယ်” ဟု ယာဉ်ထိန်းအရာရှိက ရင်ဖွင့်သည်။

ထို့ကြောင့်ပင် တရားဝင် စီးနင်းခွင့်ရရန် လွှတ်တော်အမတ်များက ကြိုးစားခဲ့ သေးသည်။

ရွှေပြည်သာ၊ လှိုင်သာယာကဲ့သို့  မြို့သစ်များနှင့် ယာဉ်ကြောပိတ်ဆို့မှု မရှိသည့် မြို့နယ်များအတွက် မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုရန်နှင့် မြို့နယ်များတွင် ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးရန် ပြည်သူ့လွှတ်တော်တွင် ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းက ယခုလအတွင်းက မေးမြန်းခဲ့သည်။

သို့သော်လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက လူဦးရေ ထူထပ်သည့် ယင်းမြို့နယ်များတွင် ပြည်သူများ ဘေးအန္တရာယ် ဖြစ်စေနိုင်သဖြင့် ဆိုင်ကယ်စီးနင်းခွင့်ပြုမည် မဟုတ်သလို လိုင်စင်ထုတ်ပေးရန်လည်း မရှိကြောင်း ပြန်လည်ဖြေဆိုသွားသည်။

တိုင်းဒေသကြီးလွှတ်တော်ထဲတွင် ဆိုင်ကယ်စီးနင်းခွင့်ပြုရန် ဆွေးနွေးထားချက်များကြောင့် မှောင်ခိုဈေးကွက်မှသည် တရားဝင်ဈေးကွက် ပေါ်ထွန်းလာနိုင်မည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။

သို့သော်လည်း တရားဝင် စီးနင်းခွင့် မပြုသည် ဖြစ်စေ၊ လိုင်စင်ထုတ်မပေးသည် ဖြစ်စေ ဆင်ခြေဖုံးရပ်ကွက် နေသူများကတော့ သိပ်တော့မပူ။ စီးမြဲ စီးဆဲသာ။ ပြည်သူများ၏ လိုအပ်ချက်ကြောင့် ဖြစ်ပေါ်နေသည့် မှောင်ခိုဈေးကွက်မှာလည်း ပေါ်ပေါ်ထင်ထင်ပင်။ 

“မစီးရဘူးသာ ပြောတာ။ ဒီမြို့နယ်တွေကပဲ ဆိုင်ကယ်ဝယ်ရောင်းတွေ လုပ်ကြတယ်။ ဆိုင်ကယ် အရောင်းပြခန်းတွေက အရစ်ကျနဲ့ ရောင်းနေကြတာပုံလို့ပဲ” ဟု လှိုင်သာယာမှ ဆိုင်ကယ်ပွဲစား ကိုကျော်ထင်က ရယ်မောလျက် ဆိုလိုက်သည်။ 

မြတ်နိုးခင်



FOLLOW US