News

POST TAGGED AS

မန္တလေး

ကျောက်ဆည်တွင် မူးယစ်ဆေးမှုဖြင့် လူ ၈၀ နီးပါးကိုဖမ်းဆီး၊ အချုပ်ခန်းမဆံ့၍ ခွဲချုပ်ထားရ


မန္တလေး၊ ဩဂုတ် ၂၈

ကျောက်ဆည်မြို့နယ်တွင် ဩဂုတ် လ ၂၇ ရက်နေ့က အချိန် ၄ နာရီအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ လူ ၈၀ နီးပါးကို ဖမ်းဆီးခဲ့ရာ ကျောက်ဆည်မြို့မ ရဲအချုပ်ခန်းတွင် မဆံ့သည့်အတွက် ခရိုင်အတွင်းရှိ အခြားမြို့နယ်များမှ ရဲအချုပ်ခန်းများသို့ ပို့ဆောင်ကာ ချုပ်နှောင်ထားရကြောင်း ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်အေးကျော်က ပြောကြားသည်။

“ကျော်စောတာက လက်ပံရွာက မူးယစ်ကျော်စောတာ လူတိုင်းသိပါတယ်။ အဲဒီရွာအပါအဝင် ရွာသုံးရွာကို ဝင်ဖမ်းတာ”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့က အကောင်အထည်ဖော်နေသည့် သိန်းငှက်စီမံချက်အရ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာကို ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအချိန်အထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများအနက် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူများ အပါအဝင် မူးယစ်ဆေးဝါးမှုဖြင့် အမျိုးသား ၇၄ ဦး၊ အမျိုး သမီး ၂ ဦးတို့ကို ဖမ်းဆီးထားပြီးကြောင်း ဒုတိယရဲမှူးတင်အေးကျော်က ရှင်းပြသည်။

လက်ရှိတွင် ဖမ်းဆီးထားသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ကာကွယ်တားဆီးရေး ဥပဒေ ပုဒ်မ ၁၉ (က) နှင့် ၂၀ (က) တို့အရ ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ယခုကဲ့သို့ ဖမ်းဆီးခံရမိသူများထဲတွင် ရဲတပ်ရင်းတစ်ခုမှ ရဲတပ်သားနှစ်ဦး ပါဝင်နေပြီး ကားတစ်စီးနှင့် ဆိုင်ကယ် ၄၃ စီး သိမ်းဆည်းရမိထားကြောင်း ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့ဝင်များ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“လက်ပံရွာက မူးယစ်နဲ့ပတ်သက်ရင် နာမည်ကြီးတယ်။ အခုဖမ်းမိတာတွေက သုံးစွဲသူတွေ။ ရောင်းတဲ့သူနဲ့ ဖြန့်ဖြူးတဲ့ပုဂ္ဂိုလ်တွေ မမိတာကတော့ မေးစရာဖြစ်နေတယ်”ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကျောက်ဆည်) မှ ဦးကိုကိုလွင်က ပြောကြားသည်။

လက်ပံကျေးရွာ၌ ဖမ်းဆီးခံရသူ လူ ၈၀ ခန့်တွင် ဒေသခံရွာသား ၁၂ ဦးခန့် ပါဝင်ပြီး ကျန်သူများမှာ နယ်ဝေးမှ လာရောက်သုံးစွဲသူများဖြစ်ကြောင်း ကျောက်ဆည်ဒေသခံများက ပြောဆိုသည်။

ကျောက်ဆည်မြို့တွင် လက်ပံကျေးရွာ၊ သိုတံကျေးရွာနှင့် မြို့ပေါ် ရပ်ကွက်တစ်ခုသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျော်စောသည့်နေရာများဖြစ်ကြောင်း ၎င်းတို့အဆိုအရ သိရသည်။

“မန္တလေးမှာ အဖမ်းအဆီးများနေလို့ လာဝယ်တဲ့လူတွေလို့ ကျွန်တော်တို့က ယူဆတယ်။ ဒီမှာက ဆေးပြားရော၊ ဘိန်းဖြူရောပေါတယ်”ဟု ကျောက်ဆည် ဒေသခံအမျိုးသားတစ်ဦးက ပြောကြားသည်။ 

ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ပိုင်းကလည်း သိုတံကျေးရွာသားတစ်ဦးကို စိတ်ကြွဆေးပြား ၂၄၀၀ နှင့်အတူ ကျောက်ဆည်မြို့ မြို့ဦးရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ဖမ်းဆီးရမိကြောင်း ကျောက်ဆည်မြို့မရဲစခန်းထံမှ ထပ်မံသိရသည်။

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးသည် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ ရက်ကိုးဆယ်လုံခြုံရေး အထူးစီမံချက် တစ်ခုအဖြစ် သိန်းငှက်စီမံချက်ကို ရေးဆွဲဆောင်ရွက်နေရာ ယင်းစီမံချက်ကာလအတွင်း မန္တလေးမြို့ပေါ်ရှိ မူးယစ်ကျော်စော နေရာများကို ဝင်ရောက်စီးနင်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားမဝင်အဆောက်အအုံများကို ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့သည်။

တိုင်းရဲတပ်ဖွဲ့အနေနှင့် မူးယစ်ဆေးဝါးကျော်စောနေရာများကို ဝင်ရောက် စီးနင်းဖမ်းဆီးမှုများ ပြုလုပ်နေသော်လည်း ဖမ်းဆီးရမိသူများမှာ အကြီးစား ရောင်းဝယ်သူများမဟုတ်ဘဲ သုံးစွဲသူ၊ ပမာဏအနည်းငယ် ရောင်းချသူများကိုသာ ဖမ်းဆီးနိုင်ခြင်းဖြစ်သည်ကို တွေ့ရှိရသည်။  

M-04/M-01



FOLLOW US