News

POST TAGGED AS

မန္တလေး

28-Aug-2018

ရွေးကောက်ပွဲ
ဟွန်ဆန်၏ တစ်ကျော့ပြန်ခရီး

၂ဝ၁၈ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့က ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမိုနီသည် ဟွန်ဆန်ကို ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အမျိုးသား ရွေးကောက်ပွဲကော်မတီကလည်း ရွေးကောက်ပွဲရလဒ်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ လက်ရှိ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ကပင်ရွေးကောက်ပွဲကို အောင်နိုင်ခဲ့သည်။ အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၁၂၅ နေရာစလုံးကို CPP ပါတီက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဟွန်ဆန်က ဘုရင့်ထံ သူ့ကို အသိအမှတ်ပြုသောကြောင့် ကျေးဇူးတင်ကြောင်း စာပြန်သည်။ လာမည့် စက်တင်ဘာ ၇ ရက် နေ့တွင် အစိုးရသစ်သည် ပထမဆုံး ဝန်ကြီးများအစည်းအဝေးကို ကျင်းပကြပေတော့မည်။ နောက်ဆုံးတွင် ဟွန်ဆန်သည် ၆ ကြိမ်မြောက် သက်တော်ရှည် ဝန်ကြီးချုပ်ရာထူးကို ဆက်လက်အောင်ပွဲခံသွားနိုင်ခဲ့ပြီဖြစ်သည်။ 

သူသည် ခမာနီတွေလက်ချက်ကြောင့် ဖွတ်ဖွတ်ကြေနေသည့် ကမ္ဘောဒီးယားနိုင်ငံကို ငြိမ်းချမ်းအောင်၊ စီးပွားဖွံ့ဖြိုးတိုးတက်အောင်သူ အာဏာရနေသည့် ကာလအတွင်း လုပ်တော့လုပ်ရှာသည်။ ၂၀ ရာစု တွင် ကမ္ဘောဒီးယားနိုင်ငံအတွင်း ကမ္ဘာကျော်အောင် သတ်ဖြတ်ခဲ့သည့် သွေးချောင်းစီးလူသတ်မှုကြီးကို တစ်ခန်းရပ်အောင် သူကကြံဆောင်နိုင်ခဲ့သည်တော့ မှန်ပါသည်။ သို့သော် ပြည်သူတွေက သူ့ကို အပြည့်အဝ ထောက်ခံသလောဆန်းစစ်စရာရှိသည်။ 

၂၀၁၈ ခုနှစ်အထိ သက်တော်ရှည် ဝန်ကြီးချုပ်ဘဝနှင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော ဟွန်ဆန်တစ် ယောက်အာဏာကို လက်လွှတ်ရန်အကြောင်းမရှိ။ ရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်သည်။ နောက်ထပ် ၁၀ နှစ်လောက်လည်း သူ့ထံတွင် ကမ္ဘောဒီးယားကို ဆက် လက်လွှမ်းမိုးနိုင်သေးသည်ဆိုသော မာန်တွေအပြည့် ရှိနေသည်။ 

သူ၏ CPP ပါတီသည် ကမ္ဘောဒီးယားနိုင်ငံကို စိုးမိုးထားခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲတိုင်းတွင် အတိုက်အခံတို့နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း နောက်ဆုံးတွင် သူသာ အနိုင်ရရှိခဲ့သည်။ ကြာတော့ ပြည်သူတွေ စိတ်ပျက်ကုန်သည်လားမသိ။ ဇူလိုင်လ ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံပါတီဖြစ်သည့် CNRP (Cambodia National Rescue Party) သည်ပင် သိပ်ပြီး အားရစရာကောင်းလောက်အောင်လှုပ်ရှားသည်ကိုပင် မတွေ့ခဲ့ရဟုဆိုသည်။ မလှုပ်ရှားသည့် အကြောင်းတွေကလည်း ရှိနေသည်။

ဟွန်ဆန်သည် ၁၉၅၂ ခုနှစ်က မွေးဖွားသူဖြစ်သဖြင့် အသက် ၆၅ နှစ်ရှိပြီဖြစ်သည်။ ဖနွမ်းပင်မြို့တွင် ဘုန်းကြီးများနှင့်နေထိုင်ခဲ့ပြီး ဘွဲ့ရအောင် ကြိုးစားခဲ့သူဖြစ်သည်။ ၁၉၆၀ နှောင်းပိုင်းတွင် သူသည် ကွန်မြူနစ်ပါတီထဲဝင်သည်။ သေနတ်ဒဏ်ရာဖြင့် ဘယ်မျက်လုံးတစ်လုံး ကွယ်ခဲ့သည်။ ညာမျက်လုံးတစ်လုံးကလည်း ဝေးဝေးမမြင်ဟုဆိုသည်။ 

၁၉၇၀ နှောင်းပိုင်းတွင် အာဏာရှင် ပိုပေါ့စိုးမိုးအုပ်ချုပ်သည့်ခေတ်ကို ရောက်လာသည်။ ထိုခေတ်တွင် ပြည်သူနှစ်သန်းကျော် သေဆုံးခဲ့ရသည်။ ဟွန်ဆန်သည် တစ်ချိန်က ခမာနီတပ်ဖွဲ့တွင် ဗိုလ်အဆင့်ရာထူးကို ရခဲ့သူဖြစ်သည်။ သို့သော် ဟွန်ဆန်က သူသည် ခမာနီတပ်ဖွဲ့များ၏ ရာဇဝတ်မှုကျူးလွန်ခြင်းများတွင် မပါဝင်ခဲ့ကြောင်း ငြင်းဆိုထားသည်။ ၁၉၇၇ ခုနှစ်တွင် သူသည် ဗီယက်နမ်နိုင်ငံကို ထွက်ပြေးသည်။ ခမာနီတွေကို ဆန့်ကျင်တိုက်ခိုက်သည့် အဖွဲ့ထဲကို ဝင်သွားသည်။ ၁၉၇၉ ခုနှစ်တွင် ဗီယက်နမ်၌ ကမ္ဘောဒီးယား နိုင်ငံအတွက် အစိုးရသစ်ကို ဖွဲ့စည်းကြသည်။ ဟွန်ဆန်က အစိုးရအဖွဲ့သစ်တွင် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ရရှိခဲ့သည်။ သူ့အသက် ၃၃ နှစ် ၁၉၈၅ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးကို လက်ခံရရှိခဲ့သည်။

၁၉၉၃ ခုနှစ် ရွေးကောက်ပွဲတွင် သူတစ်ကြိမ်ရှုံးနိမ့်ခဲ့သည်။ သို့သော် သူက ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း ကန့်ကွက်ခဲ့သည်။ သူ့ကိုအနိုင်ရ Funcinpec Party မှ မင်းသား နိုရိုဒွန်ရာနာရစ်က ဒုတိယဝန်ကြီးချုပ်ရာထူးပေးမည်ဆိုခြင်းကိုပင် သူက ငြင်းဆိုခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် သူက အာဏာတက်သိမ်းပြီး တိုင်းပြည်ကို သွေးချောင်းစီးစေခဲ့သည်။ မင်းသားရာနာဒစ်ကို တိုင်းပြည်မှ ထွက်ခွာသွားရန် ဖိအားတွေပေးခဲ့သည်။

၂၀၀၃ ခုနှစ်တွင် ဟွန်ဆန်ဦးဆောင်သည့် CPP ပါတီသည် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ သို့သော် သူ့မဲရလဒ်က သုံးပုံနှစ်ပုံ မကျော်ခဲ့ပေ။ ထို့ကြောင့် Funcinpec ပါတီနှင့် မဟာမိတ်ဖွဲ့ရသည်။ ရာနာဒစ်လည်း အခက်အခဲတွေကြားက သူ့ကို လက်ခံလိုက်ရသည်။ ဤသို့ဖြင့် ၂၀၀၄ ခုနှစ် ဇူလိုင်လတွင် ပါလီမန်က ဟွန်ဆန်အား ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်လိုက်ရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၀၈ ရွေးကောက်ပွဲ၌ CPP ပါတီသည် အမတ်နေရာအများစုကို အနိုင်ရရှိခဲ့သည်။ သို့သော် နိုင်ငံတကာစောင့်ကြည့်ရေး အဖွဲ့များက ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဝေဖန်မှုများရှိခဲ့သည်။ ဥရောပ သမဂ္ဂက လက်ရှိ အာဏာရပါတီသည် အခြေအနေ အခွင့်အလမ်းများသာနေပြီး၊ နိုင်ငံတော်က ပေးအပ်ထားသည့် အခြေအနေများကို မတရားအသုံးချကာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သောကြောင့် အောင်မြင်ခဲ့ရခြင်းဖြစ်ကြောင်း ထောက်ပြဝေဖန်ခဲ့သည်။ 

ဟွန်ဆန်ကလည်း မိမိအုပ်ချုပ်သည့်ကာလများတွင် ကမ္ဘောဒီးယားနိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး အထည်ချုပ်လုပ်ငန်းများစီးပွားရေး ကောင်းလာခြင်း၊ အထည်ချုပ်စက်ရုံများ ထူထောင်နိုင်ခြင်း၊ ကမ္ဘာ့ကျော် အမှတ်တံဆိပ်များကို လက်ခံချုပ်လုပ်ပေးနေရသည့် နိုင်ငံဖြစ်လာခြင်းတို့အား ထောက်ပြသည်။ သူက မိမိသာတိုင်းပြည်ကိုဆက်ပြီး မထိန်းထားနိုင်လျှင် ကမ္ဘောဒီးယားနိုင်ငံသည် ပြည်တွင်းစစ်မီးတောက်လောင်သည့် နိုင်ငံဘဝကို ပြန်ရောက်သွားလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။ 

သူက ၂၀၁၃ ရွေးကောက်ပွဲကိုလည်း အနိုင်ရစေရန် ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ သူနှင့်ပြိုင်ဘက်များဖြစ်သည့် အတိုက်အခံပါတီ နှစ်ပါတီက Cambodia National Rescue Party ဟူ၍ ပူးပေါင်းထူထောင်လိုက်ကြသည်။ CNRP ပါတီကို ယခင် င်္Funcinpec ပါတီ၏ ဝန်ကြီးဟောင်း ဆမ်ရိုင်စီကဦးဆောင်သည်။ ဆမ်သည် ဟွန်ဆန်နှင့် နှစ်ပေါင်းများစွာကတည်းက အတိုက်အခံအဖြစ် ရပ်တည်နေခဲ့သူဖြစ်သည်။ မစ္စတာဆမ်ရိုင်စီသည် ၂၀၁၀ ပြည့်နှစ်ကတည်းက ပြင်သစ်နိုင်ငံသို့ထွက်ပြေးပြီး ပြည်ပြေးအဖြစ် နေထိုင်နေရသူဖြစ်သည်။ နောက်ဆုံး ဟွန်ဆန်က ဆမ်ရိုင်စီကို နိုင်ငံသို့ပြန်လာရန် လက်ခံလိုက်ရသည်။ အမေရိကန်တို့ကလည်း သူ့ကို ဖိအားတွေပေးနေသည်။ ဆမ်ရိုင်စီက ဘုရင်ကလည်း ခွင့်လွှတ်သဖြင့် ဖနွမ်းပင်ကို ပြန်လာရာတွင် ပြည်သူတွေ ထောင်သောင်းချီပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်းခံခဲ့ရသည်။ လမ်းတွေ ပေါ်ပြည်သူတွေထွက်လာပြီး လူတန်းကြီးဖြင့် ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။ 

CNRP သည် ၂၀၁၃ ရွေးကောက်ပွဲတွင် အမျိုးသား လွှတ်တော်၌ အမတ်နေရာ ၅၅ နေရာရရှိခဲ့သည်။ ဟွန်ဆန်၏ CPP ပါတီက ၆၈ နေရာရသည်။ နှစ်ပေါင်းများစွာ CPP ပါတီ၏ လွှမ်းမိုးခဲ့ရမှုများ နိမ့်ပါးလျော့ကျမှု စတင်လာခဲ့ပြီဟုဆိုနိုင်သည်။ သို့သော် CNRP သည် ရွေးကောက်ပွဲရလဒ်ကို မကျေနပ်။ မသမာမှုများရှိနေသည်ဟု ကန့်ကွက်သည်။ သူတို့သည် တစ်နှစ်နီးပါးခန့် CPP ပါတီကို ကန့်ကွက်ဆန္ဒပြပွဲတွေလုပ်သည်။ ဖနွမ်းပင်မြို့ ပန်းခြံအတွင်း ထိုင်သပိတ်တွေလုပ်သည်။ ဟွန်ဆန်၏ နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် ကာလအတွင်း ဆမ်ရိုင်စီပြန်ရောက်လာမှ သပိတ်မှောက်ပွဲတွေကို ရင်ဆိုင်ရခြင်းဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့က ပန်းခြံအတွင်း သပိတ်အဖွဲ့ကို အတင်းဖြိုခွင်းလိုက်သဖြင့် နိဂုံးချုပ်သွားခဲ့ရသည်။ 

ဆမ်ရိုင်စီနှင့် ဟွန်ဆန်တို့နှစ်ယောက် တွေ့ဆုံဆွေးနွေး စကားဝိုင်းလုပ်ပေးရန် တောင်းဆိုသည်။ သို့သော် ဟွန်ဆန်ဘက်က လက်မခံရုံမက CNRP အဖွဲ့ဝင်များကို ဖမ်းဆီးထောင်ချခြင်းများပင် ပြုလုပ်ခဲ့သည်။ ဆမ်ရိုင်စီကိုလည်း ဖမ်းဆီးမည်ဆိုသဖြင့် ပြည်ပကို ထွက်ပြေးရပြန်သည်။ ၂၀၁၆ ခုနှစ်တွင် ဟွန်ဆန်သည် လူဖမ်းပွဲကြီးကို လုပ်ပြန်သည်။ ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ ဇူလိုင်လတွင် ထင်ရှားသည့် နိုင်ငံရေးဝေဖန်ဆန်းစစ်သူ၊ အစိုးရကို ဝေဖန်ထောက်ပြတတ်သူ ကမ်လေးဆိုသူမှာ နေ့ခင်းကြောင်တောင် သေနတ်နှင့် ပစ်သတ်လုပ်ကြံခံလိုက်ရသည်။ သူ့ကို အကြွေးကိစ္စကြောင့် လုပ်ကြံခြင်းခံရသည်ဟု ယူဆရကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ဒေသဆိုင်ရာ ကောင်စီရွေးကောက်ပွဲများ စတင်ကျင်းပသည်။ ဟွန်ဆန်နှင့် CPP ပါတီသည် CNRP ပါတီကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲဝင်သည်။ ၂၀၁၇ စက်တင်ဘာလတွင် အတိုက်အခံ ခေါင်းဆောင်သစ် ကမ်ဆိုခါ အဖမ်းခံလိုက်ရသည်။ သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။ နိုင်ငံအတွင်းရှိ ဝါရင့်နိုင်ငံရေးသမားများ ဟွန်ဆာ၏ ဖမ်းဆီးခြင်းကိုခံရမည် စိုးရိမ်သောကြောင့် ပြည်ပကို ထွက်ပြေးကြသည်။ 

နောက်နှစ်လအကြာတွင် တရားရုံးချုပ်က CNRP ပါတီကို ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာသည်။ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့ထံက တရားမဝင်အထောက်အပံ့များ ရယူသည်ဟုသော စွပ်စွဲချက်များဖြင့် အတိုက်အခံပါတီကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။ ဟွန်ဆန်ကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ရာဇသံပေးကြသည်။ သို့သော် သူကလက်ရှိနိုင်ငံရေးအနေအထားကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အနေအထားတွင် ရှိနေသဖြင့် သူ့ကို လွန်ဆန်နိုင်မှုများ မရှိခဲ့ပေ။ 

ဝေဖန်ထောက်ပြသူများက ဟွန်ဆန်သည် သားသုံးယောက်နှင့် အင်အားကို ခိုင်မာစွာ တည်ဆောက်ထားပြီး ဖြစ်သည်ဟုဆိုကြသည်။ သူ့သားသုံးယောက်ကို ပါတီတွင်း၊ စစ်တပ်တွင်းနှင့် အစိုးရအတွင်း အရေးပါသည့် နေရာများကို ပေးထားပြီးဖြစ်သဖြင့် သူ့ကို ဖြုတ်ချရန်မလွယ်ဟုဆိုကြသည်။ 

ဟွန်ဆန်သည် ဘန်ရာနီဆိုသူနှင့် လက်ထပ်ခဲ့ပြီး သားသမီး ၆ ဦးထွန်းကားခဲ့သည်။ တစ်ဦး ကွယ်လွန်သွားသဖြင့် ယခု သားသမီး ၅ ဦးနှင့် နေထိုင်သည်။ သားဖြစ်သူ ဟွန်မာနက်သည် ၁၉၉၉ ခုနှစ်တွင် ဝက်စ်ပွိုင့်စစ်တက္ကသိုလ်ကျောင်းဆင်းသည်။ စီးပွားရေးဘွဲ့ကို PhD အဆင့်အထိ ဘရစ္စတိုးတက္ကသိုလ်မှ ယူထားသည်။ ၂၀၁၀ ပြည့်နှစ်တွင် မာနက်ကို ကမ္ဘောဒီးယားတပ်မတော် (RCAF) တွင် ဗိုလ်ချုပ်ရာထူး တိုးပေးထားသည်။ ဝန်ကြီးချုပ်သက်တော်စောင့်ရုံးချုပ်တွင်လည်း ဒုတိယတပ်မှူးရာထူးကိုရထားသည်။ သားအကြီးဆုံးဟွန်နန်က ပါလီမန်အဖွဲ့ဝင်ဖြစ်နေပြီး ယခင်ကလည်း ကမ်ပုံချမ်မြို့အစိုးရအုပ်ချုပ်ရေးမှူးရာထူးကို ယူခဲ့သူဖြစ်သည်။ သားသုံးယောက်ရှိရာ သုံးယောက်စလုံးကို အရေးပါသည့် နေရာများတွင် ခန့်အပ်တာဝန်ပေးထားသည်။ 

ဟွန်ဆန်ကို ဗီယက်နမ်၏ ရုပ်သေးရုပ်အဖြစ် စွပ်စွဲဝေဖန်သူများလည်း ရှိသည်။ အဘယ်ကြောင့် ဆိုသော် သူ့ကိုအစိုးရအဖွဲ့တွင် ရာထူးနေရာရလာစေရန် ဗီယက်နမ်နိုင်ငံတွင် အခြေခံခဲ့သောကြောင့် ဖြစ်သည်။ CPP ကိုအခြေတည်ခဲ့သော ကမ်ပူချား ပြည်သူ့တော်လှန်ရေးပါတီသည် ဗီယက်နမ်နိုင်ငံတွင် သန္ဓေတည်ခဲ့သည် မဟုတ်ပါလော။ 

ဟွန်ဆန်အုပ်စိုးစဉ်ခေတ်က ရုပ်ပျက်ဆင်းပျက် အနိုင်ဆုံး လုပ်ရပ်များမှာ ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ရင်းနှီး မြှုပ်နှံလာသူများအတွက် မြေနေရာများချပေးလိုက်ခြင်းဖြစ်သည်။ လုပ်ပိုင်ခွင့်များနှင့် မြေနေရာများ သိမ်းပိုက်ချထားပေးခြင်းကြောင့် ပြည်သူပေါင်း တစ်သိန်းခွဲခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ သူလုပ်ပိုင်ခွင့်ပေးလိုက်သော အချို့နေရာများသည် သဘာဝဘေးမဲ့တောများအဖြစ် ထိန်းသိမ်းထားရန် သတ်မှတ်ထားသည့် နေရာများဖြစ်သည်။ အစိုးရအနေနှင့် အကျင့်ပျက်လာဘ်စားမှုပေါင်းများစွာဖြင့် ထိုမြေနေရာများကို ချပေးခြင်းဖြစ်ကြောင်း အားလုံးကသိနေခဲ့ကြသည်။ 

၂၀၀၉ ခုနှစ် Global Witness အဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း ကမ္ဘောဒီးယားနိုင်ငံသည် ရေနံနှင့်သဘာဝတွင်းထွက် သယံဇာတပစ္စည်းများအပေါ်တွင် အကျင့်ပျက်ခြစား လုပ်ဆောင်မှုများရှိနေကြောင်း ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။ ဟွန်ဆန်နှင့် သူ၏ပါတီသည် မတရားလာဘ်ထိုးငွေများကိုယူပြီး လုပ်ပိုင်ခွင့်များ ချပေးနေကြောင်း အတိုက်အခံများကလည်း ထောက်ပြဝေဖန်ခဲ့ကြသည်။ 

ဟွန်ဆန်၏ CPP ပါတီသည် အများပြည်သူများ ဆန္ဒထုတ်ဖော်ခွင့်များနှင့် ဆန္ဒပြမှုများကို ခွင့်မပြုခဲ့ပေ။ ပြည်သူများက ပန်းခြံအတွင်း လွတ်လပ်စွာလာရောက်ဆွေးနွေးခွင့်ကိုတောင်းဆိုလျှင်ပင် ရဲများကနှိမ်နင်းပြီး ခွင့်မပြုခဲ့ပေ။ မီဒီယာများကိုလည်း ဖိနှိပ်ချုပ်ချယ်ထားသဖြင့် မလှုပ်နိုင်သည့် အနေအထားတွင် ရောက်နေသည်။ ထိုသို့သော နိုင်ငံရေးဖိနှိပ်မှုများကြားတွင် တစ်ကျော့ပြန် အာဏာပြန်ရလာစေရန် စွမ်းဆောင်နိုင်သည့် ဟွန်ဆန်အပေါ် ပြည်သူများကရော၊ နိုင်ငံတကာကပါ အထင်ကြီးလေးစားနိုင်စရာ အကြောင်းမရှိပေ။ သို့သော် အာဏာသည် အာဏာရပါတီ၏ အာဏာထုတ်ပြနိုင်မှုအပေါ်တွင် တည်နေသလိုဖြစ်နေသည်။ အတိုက်အခံတွေကို ပြည်ပြေးဘဝရောက်အောင်၊ ထောင်ထဲရောက်အောင်လုပ်ပြီး လွတ်လပ်သော ရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့သည်ဆိုခြင်းမှာ ရယ်စရာတော့ကောင်းလှသည်။

(Ref : Business Insider, Khmer Times, NPR, Express)



FOLLOW US