News

POST TAGGED AS

မန္တလေး

ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင် ဘုရင့်နောင် ခေါင်းလောင်းစာ အများပြည်သူ လေ့လာနိုင်ရန်ပြသမည်

မန္တလေး၊ ဩဂုတ် ၂၂

ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင် ဘုရင့်နောင်ခေါင်းလောင်းစာကို အများပြည်သူလေ့လာနိုင်ရန် ဩဂုတ်လ နောက်ဆုံးပတ်အတွင်း ပြသပေးထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

ယခင်က ခေါင်းလောင်းစာကို လေ့လာလိုသူများသည် ခေါင်းလောင်းထားရှိရာ အုတ်တိုက်သော့ကို ဂေါပကအဖွဲ့ထံမှတောင်းယူ၍ လေ့လာခဲ့ရကြောင်း၊ ယင်းကြောင့် ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ကာ အများပြည်သူ လေ့လာနိုင်ရန် အုတ်တိုက်ဖွင့်ပေးထားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါဘုရင့်နောင်ခေါင်းလောင်းကို ဟံသာဝတီဆင်ဖြူရှင် ဘုရင့်နောင်မင်းတရားကြီးက လှူဒါန်းထားခြင်းဖြစ်ပြီး ဘာသာစကားသုံးမျိုးဖြင့် ရေးထိုးထားသည့် ခေါင်းလောင်းစာဖြစ်ကာ ၂၀၁၇ ခုနှစ် အောက်တိုဘာအတွင်းကပင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်အဖြစ် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီက ကြေညာခဲ့သည်။

လက်ရှိတွင်လည်း ကမ္ဘာ့အမွေအနှစ်မှတ်တမ်းဝင်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ခေါင်းလောင်းထားရှိရာ အုတ်တိုက်ရှေ့တွင် ကမ္ဘာ့အမွေအနှစ် မှတ်တမ်းဝင် အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူရန်ပြင်ဆင်နေပြီး ဩဂုတ်လ ၂၈ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဦးမြင့်သန်းက ထပ်မံ ပြောကြားသည်။

ဘုရင့်နောင်ခေါင်းလောင်းတွင် ဘုရင့်နောင်မင်းတရားကြီး၏ ဆောင်ရွက်ချက်များကို ပါဠိ၊ မွန်၊ မြန်မာသုံးဘာသာဖြင့်ရေးထိုးထားပြီး ခိုင်လုံသောခေတ်ပြိုင် မှတ်တမ်းဖြစ်ခြင်း၊ နေ့ရက်များကို ပြက္ခဒိန်နှင့်တိုက်ဆိုင်စစ်ဆေးသောအခါ တိကျမှန်ကန်ခြင်း၊ မဟာရာဇဝင်၊ မှန်နန်း ရာဇဝင်တော်ကြီးများမှ အမှားများကို ပြင်ဆင်နိုင်ရန် အထောက်အကူပြုခြင်းနှင့် ပြည့်စုံတိကျအောင် ဖြည့်စွက်နိုင်ခြင်းစသော ဝိသေသ လက္ခဏာများနှင့်ပြည့်စုံသော မော်ကွန်းစာဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှလည်း သိရသည်။

ယင်းခေါင်းလောင်းကို ဘုရင့်နောင်မင်းတရားကြီးက သက္ကရာဇ် ၉၁၉ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့၌ ကြေးခွက် ၂၁၀၀ ဖြင့်သွန်းလုပ်ခဲ့ပြီး ညောင်ဦးမြို့ရှိ ရွှေစည်းခုံဘုရားကြီး၏ ရင်ပြင်တော်ပေါ်တွင် တည်ရှိသည်။

ဘုရင့်နောင်ခေါင်းလောင်းစာအပြင် မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရား ကျောက်စာများသည်လည်း ၂၀၁၃ ခုနှစ်က ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်းဝင်ခဲ့ပြီး ပုဂံမြို့ဟောင်းရှိ မြစေတီကျောက်စာခေါ် ရာဇကုမာရ်ကျောက်စာသည်လည်း ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ထားပြီးဖြစ်သည်။

M-05



FOLLOW US