News

POST TAGGED AS

မန္တလေး

၅၅ လမ်းပေါ် ဖြတ်ပျံသွားသည့် ကျည်ဆန်များ


ပြီးခဲ့သော ဩဂုတ်လ ၁၃ ရက်နေ့က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက် မနော်ဟရီ လမ်းတောင်ဘက် ၅၅ လမ်းပေါ်၌ လင်မယားနှစ်ဦး သေနတ်ပစ်ခံရသည့်ဖြစ်စဉ်ကို စာဖတ်သူများ သိရှိကြပြီး ဖြစ်ပါလိမ့်မည်။

၅၅ လမ်းဆိုသည်က လူသွားလူလာကျဲသည့် လမ်းတစ်ခုမဟုတ်။ မန္တလေးမြို့၏ အရှေ့ကတောင် ဘက်ခြမ်းတစ်ခုလုံးနှင့် မြို့ထဲသို့ သွားလာနိုင်သည့် လမ်းမကြီးလေးခုခန့်အနက် တစ်ခုအပါအဝင်ဖြစ်ပြီး အခြေခံလူတန်းစားများ အလုပ်သွားအလုပ်ပြန်ရာ လမ်းမများထဲမှ တစ်ခုဖြစ်ပါသည်။

တရုတ်လူမျိုးလင်မယားနှစ်ဦးဖြစ်သည့် ဦးလီ လျှီခွမ်းနှင့် သူ၏ဇနီးဖြစ်သူ ဒေါ်ဟော်လောက်ဖိန်းတို့ ဇနီးမောင်နှံ ၅၅ လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် အမျိုးသားတစ်ယောက်က ဆိုင်ကယ်ရှေ့ ပိတ်ရပ်ကာ သေနတ်နှင့်ပစ်ခတ်ခြင်းကို ခံခဲ့ကြရသည်။

တိုက်ဆိုင်စွာပင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ကာလသည် မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးက မြို့တော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် ရည်ရွယ်ကာ သိန်းငှက်စီမံချက်ဟု အမည်ပေးထားသည့် ရက်ကိုးဆယ် လုံခြုံရေးအထူးစီမံချက်တစ်ခုကို ဆောင်ရွက်နေသည့်ကာလတွင်း ဖြစ်နေလေသည်။ စီမံချက်ကာလ တစ်ဝက်ကျော်ကျော်အထိ ခရီးရောက်နေချိန်လည်းဖြစ်သည်။

မန္တလေးမြို့လို မြို့တော်ကြီးအတွင်း လူသွား လူလာများလှသည့် လမ်းမတစ်ခုပေါ်မှာ နေ့ခင်း ကြောင်တောင် ပစ်ခတ်ထိမှန်သွားခဲ့သည့် ကျည်ဆန်များက ရဲတပ်ဖွဲ့၏သိန်းငှက်ပေါ် မည်သို့မည်ပုံ ဖြတ်သန်းသွားသည်ကို မေးခွန်းများစွာမေးမြန်းနေကြမည် ဖြစ်သလို၊ မန္တလေးလူထု၏ အသက်အိုးအိမ်အတွက် ခြိမ်းခြောက်မှုကြီးမားနေသည်မှာလည်း ပေါ်လွင်သွားခဲ့လေသည်။

ဦးလီလျှီခွမ်းတို့ဇနီးမောင်နှံသည် အခင်းဖြစ်သည့်နေ့က ၅၅ လမ်းရှိ ဘဏ်တစ်ခုမှအပြန်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ကြရခြင်းဖြစ်ပြီး ပစ်ခတ်သူ၏ ကိုယ်ရေးရာဇဝင်ကို ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်ရာတွင် ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာတွင် အခန်းတစ်ခုကို ငှားရမ်းနေထိုင်နေပြီး ပန်းရန်အလုပ်ကို လုပ်ကိုင်နေသူ အသက် ၃၅ နှစ်အရွယ်ရှိ ခွန်ကောလားဆိုသူဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့သည်။

ဦးခွန်ကောလားကို ရဲတပ်ဖွဲ့ကစစ်ဆေးနေစဉ် အတွင်း၌ ၎င်းသည်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခံရသူလင်မယားမှာလည်း ယင်းတပ်ဖွဲ့နှင့် ပတ်သက်မှုရှိခဲ့ကာ စာရွက်စာတမ်းအချို့ကို ကိုင်ဆောင်ထားခဲ့ကြောင်း၊ ယင်းစာရွက်များကို ပြန်လည်ရယူပေးရန် တာဝန်ပေးခြင်းခံခဲ့ရကြောင်း ပြောဆိုမှုများရှိနေခဲ့သည်။

သို့သော် ယင်းပြောဆိုမှုများမှာ ကောလာဟလများသာဖြစ်ပြီး စစ်ဆေးမှုများပြုလုပ်ရာတွင် ယင်းကဲ့သို့သောအခြေအနေများနှင့် ပတ်သက်သည့် သဲလွန်စမတွေ့ရကြောင်း၊ စစ်ဆေးပေါ်ပေါက်ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုခဲ့သည်။

ဦးခွန်ကောလားသည် ဘဏ်ရှေ့တွင် တစ်ဦးတည်း အချိန်အတော်ကြာ စောင့်ဆိုင်းကြည့်ရှုနေခဲ့ပြီး ဦးလီလျှီခွမ်းတို့ ဇနီးမောင်နှံထွက်လာချိန်တွင် နောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း စီစီတီဗီမှတ်တမ်းများက ဖော်ပြနေသည်။

ယင်းသို့လိုက်လာပြီး ၅၅ လမ်းပေါ်ရှိ ရွာလယ်လမ်းနှင့် နှင်းဆီလမ်းကြားအရောက်တွင် ဆိုင်ကယ်ကို ပိတ်ရပ်ကာ ဒေါ်ဟော်လောက်ဖိန်း ကိုင်ဆောင်ထားသည့် လက်ကိုင်အိတ်ကိုလုယူခဲ့ရာတွင် အလွယ်တကူမပေးဘဲ ပြန်ဆွဲယူသွားသည့်အတွက် ပါလာသည့်သေနတ်ဖြင့် မြေပြင်သို့တစ်ချက်ပစ်ပြခဲ့ပြီး လုယူခဲ့ကြောင်း ဦးခွန်ကောလားကို ရဲတပ်ဖွဲ့က စစ်ဆေးစဉ် ထွက်ဆိုထားခဲ့သည်။

ဆက်လက်လုယူရာတွင်လည်း မပေးသည့်အတွက် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဒေါ်ဟော်လောက်ဖိန်း၏ နားထင်နှင့် ဦးလီလျှီခွမ်း၏ ရင်ဘတ်တို့ကို ထိမှန်သွားခဲ့ပြီး ဒေါ်ဟော်လောက်ဖိန်း သေဆုံးသွားခဲ့ရသည်။

ပစ်ခတ်ပြီး လူကိုထိမှန်သွားချိန်တွင် သေနတ်သမားမှာ စီးလာသည့်ဆိုင်ကယ်ကိုထားခဲ့ပြီး လမ်းလျှောက်ထွက်သွားခဲ့သည်။ အခင်းဖြစ်နေရာတွင်လည်း လူများအုံလာနေပြီဖြစ်သည်။ သေနတ်သမားက လမ်းပေါ်တွင်သွားလာနေသည့် ဆိုင်ကယ်သုံးစီးခန့်ကို လုယူထွက်ပြေးရန်ကြံစည်ခဲ့သော်လည်း မအောင်မြင်သောကြောင့် ခြေလျင်ထွက်ပြေးချိန်တွင် ပတ်ဝန်းကျင်မှ လူနှစ်ဆယ်ခန့်၏ ဝိုင်းလိုက်ခြင်းကို ခံနေရပြီဖြစ်သည်။

၅၅ လမ်းနှင့် ၅၃ လမ်းကြားရှိ လမ်းသွယ်များ အတိုင်းထွက်ပြေးနေရင်း ကားများကို သေနတ်ပြတားကာ ထွက်ပြေးရန်လည်း ကြိုးပမ်းခဲ့သေးသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

ခွေးဘီလူးယာဉ် (HiJet) ယာဉ်တစ်စီးကို တားဆီးရန် သေနတ်ဖြင့်ပစ်ခတ်ခဲ့သေးသော်လည်း ကျည်မထွက်ပဲဖြစ်နေချိန် ပထမဦးစွာ ဝင်ရောက်ဖမ်းဆီးခဲ့သူက အခင်းဖြစ်နေရာကတည်းက တောက်လျှောက်လိုက်ဖမ်းခဲ့သူ ဦးဘိုကြီး(အမည်လွဲ)။ 

“အဲ့ဒီလူလစ်ပြီဆိုပြီး ဝင်းလုံးလိုက်တာပါပဲ။ ပထမဆုံး လက်ထဲကသေနတ်ကိုလုတယ်။ သူ့သေနတ် လက်ထဲကို ရောက်တာနဲ့ သေနတ်ရတဲ့အကြောင်း အော်လိုက်တော့ ဒီအစ်ကိုကဝင်ရိုက်တာ” ဟု သေနတ်သမားကိုလိုက်ဖမ်းရာတွင် ပါဝင်ခဲ့သူ ဦးမောင်(အမည်လွဲ)ကို ကြည့်ကာ ပြောလေသည်။

အခင်းဖြစ်ပြီး ချက်ချင်းလိုပင် မြန်မာပြည်၌ တွင်ကျယ်အရာရောက်လှသည့် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် ယင်းသတင်းက ပျံ့နှံ့သွားခဲ့ရာ သေနတ်သမားကိုဖမ်းမိသွားသည့်တိုင် ကြားသူ၊ သိသူတိုင်းက အံ့ဩထိတ်လန့်မှုများကိုမငြှိမ်းနိုင်။

“ကျွန်မကြားကြားချင်း နေ့ခင်းကြောင်တောင်ကြီး သေနတ်နဲ့ပစ်တာတဲ့ဆိုတော့ လန့်သွားခဲ့တာ။ အိမ်မှာ နေ့လယ်စာ ထမင်းပြန်စားနေရာကနေ ရုံးပြန်သွားဖို့တောင် ကြောက်သွားတယ်” ဟု ပြောဆို လာသူက မမြတ်နိုးဦးဖြစ်သည်။

ဖြစ်ပွားသွားခဲ့သည့်နေ့က မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သေနတ်သမားနှစ်ဦး လာရောက်ပစ်ခတ်ကြခြင်းဖြစ်ပြီး တစ်ဦးကို ဖမ်းမိသော်လည်း တစ်ဦးမှာလွတ်မြောက်သွားကြောင်း ကြားသိရသည့်သတင်းကြောင့် ကြောက်ရွံ့သွားခဲ့ရကြောင်း ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းရေးရာဌာနတွင် အလုပ်လုပ်ကိုင်နေသည့် မမြတ်နိုးဦးက ပြန်ပြောင်းပြောပြခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပြီးနောက် ထွက်ပေါ်လာသည့် သတင်းများအရ သေနတ်သမားနှင့်ပစ်ခတ်ခံရသူ လင်မယားတို့မှာ ယခင်က ပြဿနာတစ်ခုကြောင့် ဖြစ်ပွားခဲ့ကြခြင်းဖြစ်ကြောင်း ကြားသိရသည့်အတွက် မိမိတို့ကဲ့သို့ လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်တစ်လှည့် ကားဖြင့်တစ်ဖုံ နေ့စဉ်သွားလာနေရသူများအတွက် မလုံခြုံသည့် အခြေအနေတစ်ခုဟု မထင်မှတ်ခဲ့သော်လည်း လုယက်မှုဖြစ်ပွားရာမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရချိန်တွင် ထိတ်လန့်မိသွားကြောင်း အာမခံလုပ်ငန်းတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုလွင်မျိုးအောင်က ပြောကြားသည်။

“ပစ္စည်းလုတာမရလို့ သေနတ်နဲ့ထုတ်ပစ်တဲ့ အခြေအနေမျိုးဆိုရင်တော့ ဘယ်သူ့အတွက်မှ လုံခြုံမှုမရှိတော့ဘူးဗျ” ဟု သူက ဆိုလေသည်။

မန္တလေးမြို့တွင် လုယက်မှုဖြစ်ပွားခဲ့သည်ဆိုသည့် သတင်းများကို ပုံစံမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံဖြင့် ကြားသိဖူးပြီးဖြစ်သည့်အတွက် ညပိုင်းများတွင် အပြင်ထွက်သွားလာခြင်းကို လူထုက ရှောင်ကြဉ်သည့်အကျင့်ပါ ရှိနေပြီဖြစ်သည်။

လုယက်မှုဖြစ်စဉ်များ နေ့စဉ်လိုလိုကြားနေရစဉ်က ကိုယ့်ဆိုင်ကယ်နောက် အခြားဆိုင်ကယ်ကပ်လာလျှင် လမ်းဘေးကပ်မောင်းကာရှောင်ရှားခြင်း၊ ပိုက်ဆံအိတ်ကို စလွယ်သိုင်းလွယ်ကာ ခန္ဓာကိုယ်ရှေ့တွင်ကွယ်ထားခြင်းများကို အကျင့်ပါနေပြီဖြစ်ကြောင်း မမြတ်နိုးဦးက ပြောပြခဲ့သေးသည်။

“ရိုက်လုတယ်ပဲထားဦး ပွန်းပဲ့ပေါက်ပြဲ ဒဏ်ရာရရုံပေါ့။ ခုက သေနတ်ကြီးနဲ့ပစ်ပြီး လုတယ်ဆိုတော့ ဘယ့်နှယ်လုပ်ရမလဲ။ ကိုယ့်ပစ်တာတော့ မဟုတ်ဘူး။ ကိုယ့်ဘေးကလူကိုပစ်ရင်းနဲ့ လာမှန်ရင် ဘယ်လိုလုပ်ကြမလဲ” ဟု ပူပန်စွာဆိုလေသည်။

၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းနှင့် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတို့က မန္တလေးမြို့တွင် လုယက်မှုဖြစ်စဉ်များ စိပ်လှသလို ပုံစံစုံလှသောကြောင့်လည်း ပူပန်မိခြင်းဖြစ်သည်။

၂၀၁၇ နှစ်လည်ပိုင်းတွင် ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကြောင့် လုယက်မှုဖြစ်စဉ်များ ငြိမ်ကျသွားခဲ့ပြီး လူတို့၏ စိုးရိမ်စိတ်တို့လည်း အတော်အတန် လျော့ကျသွားခဲ့သည်ဟု ဆိုနိုင်သည်။

ယင်းအခြေအနေမှ ယခုနှစ် လွန်ခဲ့သည့် သုံးလေးလခန့်ဝန်းကျင်တွင် လုယက်မှုများ၊ ခိုးမှုများ၊ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်မှုများဖြင့် မန္တလေး မြို့၏ မလုံခြုံမှုက ပြန်လည်သရုပ်ပေါ်လာခဲ့ပြန်သည်။

ကာလအတန်ကြာဖြစ်ပျက်ခဲ့သည့် လုံခြုံမှုမရှိသည့်အခြေအနေများကို ထိန်းချုပ်နိုင်ရန် ရဲတပ်ဖွဲ့က ရက်ကိုးဆယ်အထူးစီမံချက် (သိန်းငှက်စီမံချက်) ကို ဇွန်လ ၂၅ ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

နေ့ညကင်းမျိုးစုံဖြင့် လုံခြုံရေးဆောင်ရွက်သည်။ ညပိုင်းတွင် လမ်းပေါ်တွေ့သမျှ မော်တော်ဆိုင်ကယ်များကို တုတ်၊ ဓားလက်နက်၊ မူးယစ်ဆေးတို့ကို စစ်ဆေးအရေးယူသည်။ နေ့ခင်းပိုင်းများတွင် မူးယစ်ကျော်စောနေရာများကို ဝင်ရောက်စီးနင်း ဖမ်းဆီးသည်။

အမှုတော်တော်များများကိုလည်း အရေးယူနိုင်ခဲ့သလို၊ အမှုဟောင်းများမှတရားခံများကိုလည်း ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းများလည်းရှိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းက ပြောဆိုသည်။

“အဓိကကတော့ မူးယစ်ယမ်းကားလိုမျိုး၊ တုတ်၊ ဓား၊ လက်နက်မှုလိုမျိုး ကြိုတင်ကာကွယ်မှုတွေကို ဖမ်းဆီးနိုင်တာတွေရှိတယ်။ မူးယစ်ဆေးဝါးမှုတွေလည်း တော်တော်များများ ဖော်ထုတ်နိုင်ခဲ့တယ်၊ မော်တော်ယာဉ်မှုတွေလည်း များတယ်” ဟု ဆိုသည်။

ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လကုန်အထိ ကြိုတင်ကာကွယ်မှုပေါင်း နှစ်ထောင်နီးပါးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့၏ စာရင်းများအရ သိရသည်။

“မြို့ရဲ့လုံခြုံရေးကို ဆောင်ရွက်နေတာတွေက လျော့ရဲရဲနိုင်တယ်။ တကယ်စိတ်ပါလက်ပါလုပ်နေတာ မတွေ့ရဘူး။ ခိုင်းလို့သာလုပ်နေရတဲ့ သဘောမျိုးတွေ့ရတယ်” ဟု လုံခြုံရေးဆောင်ရွက်နေသည့် တာဝန်ရှိသူများကို ဝေဖန်လိုက်သည်က ချမ်းအေးသာစံ မြို့နယ်မှ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေဖြစ်သည်။

ခိုးမှု၊ လုယက်မှုများကို အဓိကဖြစ်ပွားစေသည့် အကြောင်းအရင်းများတွင် နိုင်ငံ၏ စီးပွားရေးကျပ်တည်းမှုက မြှောက်ပင့်ပေးနေသလို၊ မူးယစ်ဆေးဝါးများကလည်း ဖြစ်ပွားစေသည့်အကြောင်းအရင်းများတွင် အဓိကပါဝင်နေကြောင်းလည်း ၎င်းကဆိုသည်။

ရဲတပ်ဖွဲ့အနေနှင့် မြို့၏ လုံခြုံရေးကို ဆောင်ရွက်ရာတွင် ညစဉ်ဆောင်ရွက်နေသည်များ၊ လုံခြုံရေးလှည့်ကင်းများဖြင့် ဆောင်ရွက်နေသည်များရှိသော်လည်း အင်အားမရှိသည်ကလည်း အဓိကအခက်အခဲတစ်ခုဖြစ်နေကြောင်း ဦးအောင်ရွှေက ထောက်ပြသည်။

မလုံလောက်သည့် တပ်ဖွဲ့ဝင်အင်အားများ တိုးပွားလာစေရန်အတွက် ရဲတပ်ဖွဲ့အနေနှင့် ပြည်သူလူထုအမြင်တွင် ယခင်ကတည်းက ရှိနေခဲ့သည့် ပလိပ်ဟူသောအမြင်ကို ဖောက်ဖျက်ပစ်နိုင်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ပြောဆိုသည်။

လက်ရှိတွင် မန္တလေးမြို့တော်၌ ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၀၀ နီးပါးခန့်သာရှိနေပြီး မန္တလေးမြို၏ လူဦးရေမှာ ၁၅ သိန်းကျော် ရှိနေသောကြောင့် ရဲတပ်ဖွဲ့တစ်ဦးသည် လူ ၁၃၉၅ ကို စောင့်ရှောက်နေရသည်နှင့် အချိုးညီနေသည်။

နိုင်ငံတကာ စံချိန်စံညွှန်းများအရ လူဦးရေလေးရာတွင် ရဲတစ်ဦးရှိရမည်ဖြစ်သော်လည်း မန္တလေးမြို့၏ ရဲတပ်ဖွဲ့မှာယင်းစံချိန်စံညွှန်း၏ သုံးဆခန့်အထိ နည်းပါးနေပေသည်။

မြို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရမည့် ရဲတပ်ဖွဲ့အတွက် အင်အားနည်းပါးနေမှုကို အထောက်အကူပြုနေသည်က ရပ်ကွက်လုံခြုံရေးအတွက် စေတနာဖြင့်ဆောင်ရွက်နေကြသည့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့ဦးစီးပြီး ရပ်ကွက်အတွင်းမှ လူငယ်များပါဝင်သည့် ကင်းလှည့်အဖွဲ့များဖြစ်သည်။

သို့သော် ယင်းကင်းလှည့်အဖွဲ့များကလည်း ခိုးမှု၊ လုယက်မှုများကို တားဆီးကာကွယ်နိုင်မှု အားနည်းနေပြီး မူးယစ်ရမ်းကားမှု၊ ဆူပူမှုများကဲ့သို့သော ကိစ္စများကိုသာ တားဆီးနိုင်သည့် အခြေအနေတွင် ရှိကြောင်း ထွန်တုံးရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကံလှိုင်က ဆိုလေသည်။

“လုတာတို့ ခိုးတာတို့ကျတော့လည်း ကျွန်တော်တို့ ကင်းလှည့်ပြီး လစ်တဲ့အချိန်မှသာလုပ်ကြတာဆိုတော့ အဲ့ဒါတွေက လျော့သွားတာမရှိဘူး။ ဖြစ်နေတာပါပဲ” ဟု ညည်းတွားသည်။

ရဲတပ်ဖွဲ့၏ လုံခြုံရေးဆောင်ရွက်နေမှု၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်တွင်း ကင်းလှည့်နေခြင်းများသည် မန္တလေးမြို့တော်အတွက် လုံလောက်မှုမရှိကြောင်းကို ဦးခွန်ကောလား ကိုင်ဆောင်လာခဲ့သည့် ဂျာမနီနိုင်ငံထုတ် ပစ္စတိုနှင့် ယင်းသေနတ်က ထွက်သွားခဲ့သည့် ကျည်လေးတောင့်တို့က သက်သေတည်နေသည်။

ရဲတပ်ဖွဲ့၏ အားနည်းချက်များ၊ လုံခြုံရေးအားနည်းမှုများကို အပြစ်တင်နေခြင်းကို သဘောမကျဘဲ ဖြစ်ပေါ်လာသည့် အခြေအနေကို မိမိတို့ပတ်ဝန်းကျင်ရှိ အနီးအနားမှသူများအနေနှင့် တစ်ဦးကိုတစ်ဦး စောင့်ရှောက်ဖို့လိုကြောင်း ပြောဆိုလာသူလည်းရှိသည်။

သူက သေနတ်သမားကို ဦးဆုံးနပန်းလုံး ဝင်ရောက်ဖမ်းဆီးခဲ့သူ ဦးဘိုကြီး(အမည်လွဲ) ဖြစ်သည်။

“ဒီလိုအဖြစ်အပျက်တွေက ဘယ်နေရာမှ ဘယ်လိုဖြစ်မယ်ဆိုတာကို ကြိုမသိနိုင်ဘူး။ အဲ့ဒါကြောင့် ရဲကလည်း အသင့်ရှိနေရမယ်လို့ ကျွန်တော်ကတော့ မယူဆဘူး” ဟု သူကဆိုလေသည်။

မန္တလေးမြို့ကဲ့သို့သော ဝင်ပေါက်များစွာရှိသည့် မြို့တစ်ခုအတွက် သေနတ်တစ်လက်နှင့် ဝင်ရောက်လာဖို့ကလည်း မခက်ခဲသည့် အနေအထားတစ်ခုသာ ဖြစ်ကြောင်း သူကရှုမြင်သည်။ 

ထိုအခြေအနေကြောင့်ပင် လူထုအနေနှင့် မိမိမျက်မှောက်တွင် လုယက်မှုကဲ့သို့သော အမှုတစ်ခုခု ဖြစ်ပွားနေပါက ကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပြီး မိမိတို့လုံခြုံရေးကို ဝိုင်းဝန်း စောင့်ရှောက်ကြရန် တိုက်တွန်းသည်။

လက်ရှိအချိန်တွင်တော့ ဦးခွန်ကောလားကို အောင်ပင်လယ်နယ်မြေရဲစခန်းတွင် တရားရုံး၏ ချုပ်နှောင်ခွင့်ရမန်ဖြင့် ချုပ်နှောင်ထားပြီး ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိသည်။

ဦးခွန်ကောလားသည် ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသလို သေဆုံးသွားခဲ့ရသူ ဒေါ်ဟော်လောက်ဖိန်းထံမှ ပိုက်ဆံအိတ်ကို လုသည်ဖြစ်စေ၊ အများသူငါပြောဆိုနေသလို ပြဿနာတစ်ခုခုကြောင့် ပစ်ခတ်ခဲ့သည်ဖြစ်စေ၊ မန္တလေးမြို့တော်တွင် ကြောင့်ကျစိတ်များဖြင့် သွားလာနေရသူ ယခင်ကထက်တိုးသွားခဲ့သည်မှာ ငြင်းဆန်၍မရသည့် အမှန်တရား တစ်ခုဖြစ်လာပေပြီ။

မမြတ်နိုးဦးနှင့် ကိုလွင်မျိုးအောင်တို့ကဲ့သို့ နေ့စဉ်လုပ်ငန်းခွင်သို့ သွားလာနေကြရသူများ ကြောင့်ကြနေကြပြီဖြစ်သည်။

ရိုက်နှက်လုယက်မှုများကြောင့် ဆိုင်ကယ်စီးနေစဉ် အခြားဆိုင်ကယ်ကပ်လာပါက သတိထားရှောင်တိမ်းနေရသူများ သေနတ်ဆိုသည့်အရာကို မည်သို့ရှောင်ရှားနိုင်ပါမည်နည်းဟု မေးခွန်းထုတ်နေကြပြီ။

မည်သို့ဆိုစေ သိန်းငှက်လုံခြုံရေး အထူးစီမံချက်ကာလကို မန္တလေး ၅၅ လမ်းပေါ်က ကျည်လေးတောင့်က ဖြတ်ကျော်ပျံသန်းသွားခဲ့ပြီ ဖြစ်သည်။

ရန်မိုးနိုင်



FOLLOW US