News

POST TAGGED AS

မန္တလေး

08-Aug-2018

မန္တလေး
ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဗုဒ္ဓဘာသာဝင်ကို ခန့်မည်
မန္တလေး၊ ဩဂုတ် ၇

လူ့အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းစွာ အတူတကွနေထိုင်ရေးအတွက်ဖွဲ့စည်းခဲ့သည့် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနေရာကို ဗုဒ္ဓဘာသာဝင်အား ခန့်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

လူ့အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းစွာ အတူတကွနေထိုင်ရေး၊ ဘာသာရေး အကြမ်းဖက်မှုများကို ကာကွယ်တားဆီးနိုင်ရန်၊ သဘာဝဘေးအန္တရာယ်နှင့် အခြေခံစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန်၊ ဘာသာရေးဆိုင်ရာပဋိပက္ခများ မဖြစ်ပွားစေရန် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအမြုတေအဖွဲ့ကို ၂၀၀၈ ခုနှစ် တွင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဌာနမှ ညွှန်ကြားရေမှူး ဦးအောင်ဆန်းဝင်းက ပြောကြားသည်။

“အသက်အရွယ်ကြီးရင့်တဲ့သူတွေ အနားယူသွားတဲ့အတွက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းတာဖြစ်ပါတယ်။ ဘာသာအလိုက် တက်လာမယ်။ ကျွန်တော်တို့ကတော့ အချိုးညီမျှတစွာ ရွေးချယ်ဖွဲ့စည်းမယ်။ဘယ်တော့ဖွဲ့မယ်ဆိုတာ သတင်းထုတ်ပြန်ပေးပါမယ်”ဟု ၎င်းက ပြောဆိုသည်။

ပြန်လည်ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံအတွင်း ကိုယ်ကွယ်မှုအများဆုံးဖြစ်သော ဗုဒ္ဓဘာသာအဖွဲ့မှ စီမံခန့်ခွဲမှု အတွေ့အကြုံရှိသူ ဗုဒ္ဓဘာသာဝင်ကိုယ်စားလှယ်တစ်ဦးကို ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်မည်ဖြစ်ကြောင်း၊ သံတမန်အတွေ့အကြုံရှိပြီး အသက်အရွယ်ကြီးရင့်သော ကိုယ်စားလှယ်တစ်ဦးကို ဂုဏ်ထူးဆောင် ဦးစီးနာယက အဖြစ်လည်ကောင်း၊ ခရစ်ယာန်ဘာသာဝင် ကိုယ်စားလှယ်တစ်ဦးကို အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ပေးအပ်မည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယင်းအပြင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာကိုယ်စားလှယ်များ အချိုးညီစွာ ပါဝင်သော နာယကများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များကို ရွေးချယ်တာဝန်ပေးအပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဘာသာပေါင်စုံညီညွတ်ရေးအဖွဲ့ကိုပြန်ပြီးတော့ ဖွဲ့စည်းတယ်။ နားသွားတဲ့ ဆရာတော်ကြီးတွေကလည်းရှိတယ်။ အကောင်းဆုံးဖြစ်လာဖို့ပဲ မျှော်လင့်တယ်။ ဘာသာပေါင်းစုံ ညီညီညွတ်ညွတ်နေပြီးတော့ တိုင်းပြည်အေးချမ်းရင် ဒါ တကယ်ကောင်းတဲ့အရာပေါ့။ ဒီအတွက်လည်း မေတ္တာပို့ပြီးဆုတောင်းပေးနေပါတယ်”ဟု Full Gospel Assemply အသင်းတော်မှ သင်းအုပ်ဆရာတော် ဆရာသားညီက ပြောကြားသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) တွင် ဗဟိုအဆင့်၊ တိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအထိ တိုးချဲ့ဖွဲ့စည်းခဲ့ရာ ဗဟိုအဆင့်တစ်ဖွဲ့၊ တိုင်းနှင့်ပြည်နယ်အဆင့် ၁၁ ဖွဲ့၊ ခရိုင်အဆင့် ၃၉ ဖွဲ့၊ မြို့နယ်အဆင့် ၇၇ ဖွဲ့၊ စုစုပေါင်း ၁၂၈ ဖွဲ့ထိ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဌာနထံမှ သိရသည်။  

M-05



FOLLOW US