News

POST TAGGED AS

မန္တလေး

မန္တလေးစက်မှုဇုန် မြန်မာမေကောင်း သစ်ချောထည် စက်ရုံအလုပ်သမားများ သပိတ်စခန်းဖွင့်

မန္တလေး၊ ဩဂုတ် ၁

မန္တလေးမြို့ စက်မှုဇုန်အတွင်းရှိ မြန်မာမေကောင်း သစ်အချောထည် စက်ရုံ၌ အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံနေရသည်ဟုဆိုကာ အလုပ်သမား ၄၀ ခန့်သည် ဩဂုတ်လ ၁ ရက်နေ့ကစ၍ ယင်းစက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်ကာ ဆန္ဒဖော်ထုတ်ခဲ့သည်။

ယင်းစက်ရုံတာဝန်ရှိသူများက ဇူလိုင်လ ၃၀ ရက်နေ့က လုပ်ငန်းဌာနတစ်ခုကိုပိတ်သိမ်းကာ ယင်းဌာန ဝန်ထမ်းများကို ဌာနပြောင်းရွှေ့ လုပ်ကိုင်စေရာတွင် အလုပ်သမားများကို အသိပေးခြင်း၊ ပြောင်းရွှေ့လိုသည့် ဌာနရွေးချယ်ခွင့် မပေးခြင်းတို့ရှိခဲ့ကြောင်း ဆန္ဒပြအလုပ်သမားများကပြောဆိုသည်။

“ကုန်ကြမ်းမရှိတော့လို့ဆိုပြီး အလုပ်သမားတွေကို ဌာနပြောင်းတာပါ။ ဌာန ပိတ်သိမ်းတယ်လို့လည်း ပွင့်ပွင့်လင်းလင်း မပြောဘူး။ စာရွက်ကြီးကိုင်ပြီး ဘယ်သူက ဘယ်ဌာနကိုသွားဆိုပြီး ပြောင်းလိုက်တာ။ ဒီဌာနက ကုန်ကြမ်းဆိုတာကလည်း နောက်ထပ် တစ်လကျော်ကျော်လောက်အထိ လုပ်စရာကျန်နေပါသေးတယ်”ဟု ဆန္ဒပြအလုပ်သမားခေါင်းဆောင် ဒေါ်တိုးတိုးအေးက ပြောကြားသည်။

အလုပ်သမားများ သပိတ်မှောက် ဆန္ဒပြရာတွင် အလုပ်သမားသမဂ္ဂအား ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲနေမှု၊ သမဂ္ဂအဖွဲ့ဝင်များအား ခွဲခြားဆက်ဆံမှု၊ အလုပ်သမားများ၏ ဆန္ဒမပါဘဲ ဌာနပြောင်းရွှေ့မှုတို့ကို အလိုမရှိကြောင်း တောင်းဆိုခဲ့ကြသည်။

ယင်းအပြင် အလုပ်သမားများအနေနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ ကျွမ်းကျင်စရိတ်ရရှိရေး၊ လုံလောက်သည့် နားနေဆောင်ထားရှိပေးရေး၊ ယခင်ပေးမြဲဖြစ်သည့် နှစ်တိုးကြေးနှင့် ရက်မှန်ကြေးများ ပြန်ပေးရေး၊ လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပေးရေး၊ ကျန်းမာရေးနှင့်မညီသော ကုန်ကြမ်းပစ္စည်းများ လုပ်ဆောင်ရာတွင် အဆင့်မြင့်စက်ပစ္စည်းများ တပ်ဆင်ပေးရေး၊ စက်ရုံတွင်း ဆေးပေးခန်းနှင့် ကျန်းမာရေးမှူး ထားရှိပေးရေးတို့ကိုလည်း တောင်းဆိုလျက်ရှိသည်။

ထိုသို့ အလုပ်သမားများသပိတ် စခန်းဖွင့်က ဆန္ဒပြတောင်းဆိုမှုများနှင့်ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကို တွေ့ဆုံမေးမြန်းခွင့် တောင်းသော်လည်း တွေ့ဆုံမေးမြန်းခွင့်မပြုကြောင်း ငြင်းဆိုခဲ့ကြသည်။

အလုပ်သမားများအနေနှင့် ဆန္ဒပြ တောင်းဆိုနေမှုများကို စက်ရုံဘက်က လိုက်လျောပေးသည်အထိ သပိတ်စခန်း ဖွင့်ထားမည်ဟု ပြောကြားထားသည်။

M-04



FOLLOW US