News

POST TAGGED AS

မန္တလေး

ရှစ်လေးလုံးအရေးတော်ပုံ နှစ် ၃၀ ပြည့်အမီ မန္တလေးမြို့တွင်း လမ်းလေးခု လမ်းမီးရအောင်ထွန်းမည်


မန္တလေး၊ ဇူလိုင် ၃၀

ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ် ၃၀ ပြည့်မည့် ဩဂုတ်လ ၈ ရက်အမီ မန္တလေးမြို့တွင်းလမ်းလေးခု၌ LED မီးလုံးများထွန်းညှိနိုင်ရန် လုပ်ဆောင်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးခိုင်မြင့်က ပြောကြားသည်။

မန္တလေးမြို့၏ အဓိကလမ်းမကြီး တစ်ခုဖြစ်သော ၃၅ လမ်းတွင် ၆၂ လမ်းမှ အောင်ပင်လယ်အထိ ၁၃၆ လုံး၊ သိပ္ပံလမ်းတွင် ၇၈ လမ်းမှ ၆၂ လမ်းအထိ ၁၈၀ လုံး၊ ၇၃ လမ်းရှိ တက္ကသိုလ်အဝင်လမ်းတွင် ၉ လုံးနှင့် ကန်တော်ကြီးလမ်းတွင် ၁၂၄ လုံး၊ စုစုပေါင်း ၄၄၉ လုံး ထွန်းညှိမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ညအချိန်များတွင် လျှပ်စစ်မီးအလင်းရောင်မရှိပါက ယာဉ်တိုက်မှု၊ မသမာမှု၊ ဒုစရိုက်မှု စသည်တို့ပိုမိုဖြစ်ပွားနိုင်ခြင်းကြောင့် လူသွားလူလာများပြီး မြို့၏အဓိကကျသည့် လမ်းများတွင် မီးလင်းစေရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ဦးစားပေးဆောင်ရွက်ခြင်းဖြစ်သည်။

မီးလင်းစေရေးဆောင်ရွက်ရာတွင် လမ်း၏အကျယ်၊ ဓာတ်တိုင်၏အမြင့်၊ မီးလုံး၏ရှေ့တွင်ရှိသော မှန်ဘီလူးကို ချိန်ဆလုပ်ဆောင်သည့်စနစ် (Street Light Technology)၊ လမ်းအနေအထားနှင့် မီးကြိုး၏အခြေအနေကိုကြည့်ကာ ဓာတ်တိုင်များတွင် မီးထွန်းရန်အကွေးတစ်ခုနှင့် ငှက်တောင်ကဲ့သို့ဖြန့်ချထားသည့် ပုံစံဟူ၍ ခွဲခြားအသုံးပြုမည်ဖြစ်ကြောင်း၊ မီတာခသက်သာပြီး ပို၍လင်းသည့် LED မီးလုံးများ အသုံးပြုမည်ဖြစ်ကြောင်း ကော်မတီဝင်ဦးခိုင်မြင့်က ရှင်းပြသည်။

“မြို့တွင်း အဓိကလမ်းမကြီးတွေက ပြီးသလောက်ဖြစ်နေပြီ။ ၆၂ လမ်းပဲ ကျန်တော့တယ်။ ဒါလည်း ထွန်းဖို့တော့ လုပ်နေပါပြီ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ဖြည့်စွက်ပြောဆိုသည်။

၆၂ လမ်း၌ ၁၀ လမ်းမှ ထုံးဘို-မြစ်ငယ် ဖြတ်လမ်းအထိ ၁၀ မိုင်ကျော် ရှည်သည့်လမ်းတွင်လည်း ဆက်လက်ထွန်းညှိနိုင်ရန် မြို့တော်စည်ပင်က ပြင်ဆင်ထားသည်။

လက်ရှိတွင် အောင်မြေသာစံ၌ ၁၃၃၄ လုံး၊ ချမ်းအေးသာစံ၌ ၅၀၁ လုံး၊ မဟာအောင်မြေ၌ ၅၀၃ လုံး၊ ချမ်းမြသာစည်၌ ၅၆၆ လုံး၊ အမရပူရ၌ ၂၃၈ လုံး၊ စုစုပေါင်း LED မီးလုံး ၃၃၈၆ လုံးထွန်းညှိပြီးဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မှတ်တမ်းအရသိရသည်။  

M-07



FOLLOW US