News

POST TAGGED AS

မန္တလေး

ရန်ကုန်-မန္တလေး-နေပြည်တော် ရထားလမ်းပိုင်း ပြန်ဖွင့်၊ အစုန်၊ အဆန်ရထားများ ပြန်ပြေး

ရန်ကုန်၊ ဇူလိုင် ၃၀

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သုံးရက်ခန့် ပြေးဆွဲမှု ယာယီရပ်နားခဲ့သည့် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ အစုန်၊ အဆန်ရထားများ ဇူလိုင်လ ၃၀ ရက် ညနေ ၅ နာရီတွင် ပြန်လည် ပြေးဆွဲကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ညနေပိုင်းမှစပြီး ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော် အစုန်၊ အဆန် ရထားတွေ ပြန်ပြေးဆွဲပါတော့မယ်၊ လမ်းပိုင်းစစ်ဆေးမှုမှာ ခရီးသည်တွေ စိတ်ချရပြီဖြစ်လို့ လမ်းဖွင့်လိုက်တာပါ”ဟု မြန်မာ့မီရထား၊ အထွေထွေ မန်နေဂျာ ဦးကျော်စိုးလင်းက ဆိုသည်။

ရထားလမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက လမ်းပိုင်းအလိုက် စစ်ဆေးခဲ့ပြီး ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပဲခူး ရထားလမ်းပိုင်းကို ပြန်ဖွင့်ခဲ့ကြောင်း၊ သို့သော် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းမှာ စစ်ဆေးနေဆဲဖြစ်ပြီး ပြန်မဖွင့်နိုင်သေးကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ပဲခူး-ရွှေလှေနဲ့ တာဝ-ဘုရားသုံးဆူကြား ရေပြန်ကျသွားလို့ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်။ အခုလမ်းပိုင်းပြန် ဖွင့်လိုက်ပါပြီ၊ ဘီးလင်းကတော့ အခုထိ လိုက်စစ်ဆေး နေတုန်းပဲ”ဟု မြန်မာ့မီးရထား (သွားလာပို့ဆောင်ရေးဌာန) အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ဆိုသည်။

ရန်ကုန်-ပဲခူး လမ်းပိုင်းအနေနှင့် ဇူလိုင်လ ၃၀ ရက် မွန်းလွဲပိုင်းမှစ၍ အမှတ် ၁၂ အစုန်၊ အမှတ် ၁၁ အဆန် ရထားများ ပြန်လည် ပြေးဆွဲနေကြောင်း ၎င်းက ပြောကြားသည်။

ဇူလိုင်လ ၂၇ ရက်မှ ၂၉ ရက်အထိ ရထားလမ်းများ ရေကျော်သဖြင့် ရန်ကုန်-မန္တလေးလမ်းပိုင်းမှ အမှတ် ၉ အဆန်၊ ၅ အဆန်၊ ၃ အဆန်၊ ၇ အဆန်နှင့် ရန်ကုန်-နေပြည်တော်လမ်းပိုင်းမှ ၁ အဆန်၊ ၉ အဆန်၊ ၆ အစုန်၊ ၄ အစုန်၊ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်လမ်းပိုင်းမှ ၃၅ အဆန်၊ ၈၉ အဆန်၊ ၃၆ အစုန်၊ ၉၀ အစုန်၊ ၁၇၅ အဆန်၊ ၁၇၆ အစုန်ရထားများပြေးဆွဲမှု ယာယီ ရပ်နားထားသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အမြန်ရထား ၆ စင်း၊ စာပို့ရထား ၂ စင်း၊ ရန်ကုန်-နေပြည်တော် အစုန်၊ အဆန် ၂ စင်း၊ ရန်ကုန်-မော်လမြိုင် အစုန်၊ အဆန် ၃ စင်း တို့ဖြင့် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇ (သွားလာပို့ဆောင်ရေးဌာန) ထံမှ သိရသည်။

ပြန်လည်ပြေးဆွဲရန် ကျန်ရှိသည့် ရန်ကုန်-မော်လမြိုင် လမ်းပိုင်းကို ဇူလိုင်လ ၃၀ ရက်က ရထားသံလမ်းများ ရေကျသွားသဖြင့် သံလမ်းများကို တိုင်းအရာရှိများ၊ လမ်းပိုင်းတာဝန်ရှိသူများ၊ ကြီးကြပ်ရေးမှူးများက စစ်ဆေးနေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06



FOLLOW US