News

POST TAGGED AS

မန္တလေး

လမ်းမဘေးများတွင် စည်းကမ်းမဲ့ အမှိုက်ပစ်ပါက ယခုလကစ၍ စည်ပင်ဥပဒေအတိုင်း အရေးယူမည်

မန္တလေး၊ အောက်တိုဘာ ၂

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့ပြသာယာလှပရေးအတွက် သတ်မှတ်ထားသည့် လမ်းမဘေးများတွင် စည်းကမ်းမဲ့ အမှိုက်မပစ်ကြရန်နှင့် ကျူးလွန်ပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း အောက်တိုဘာလကစ၍ အရေးယူမည်ြ ဖစ်ကြောင်း အဆိုပါ ကော်မတီ သန့်ရှင်းရေးဌာနထံမှ သိရသည်။ 

ပြည်သူများအနေနှင့် အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ရန် လိုကြောင်း၊ သတ်မှတ်ထားသည့် နေရာများမှအပ မန္တလေး-ပြင်ဦးလွင်လမ်း (အောင်ပင်လယ်)၊ ကမ်းနားလမ်း၊ မြို့ပတ်လမ်းနှင့်  စက်မှုဇုန် လမ်းဘေးများတွင် အမှိုက်များ စွန့်ပစ်ပါက အရေးယူခံရမည် ဖြစ်ကြောင်း ယင်းကော်မတီ သန့်ရှင်းရေး ဌာနမှူး ဦးလှမျိုးက ပြောကြားသည်။ 

“လမ်းမဘေးတွေမှာ အမှိုက်ပစ်တာဟာ သိပ်ကိုအမြင်မတော်တဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါ့အပြင် မြို့ပြရဲ့ သာယာလှပမှု ပုံရိပ်ကိုလည်း ထိခိုက်စေပါတယ်။ ပြည်သူတွေက မပူးပေါင်းရင် မအောင်မြင်နိုင်ဘူး။ တချို့ဆို ချောင်းတွေ၊ မြောင်းတွေထဲ အမှိုက်တွေ ပစ်ချကြတယ်။ ရေမြောင်းတွေမှာ အမှိုက်ဆယ်ရတဲ့ ဝန်ထမ်းဘဝ  ဘယ်လောက်ပင်ပန်းတယ် ဆိုတာ ကိုယ်ချင်းစာကြည့်ဖို့ ကောင်းတယ်” ဟု ၎င်းက ဆိုသည်။ 

မြို့နေလူထုအနေနှင့် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းကြောင့် မြို့တော်သာယာလှပမှုကို ဖျက်ဆီးခြင်းနှင့် ရေဆိုးမြောင်းများ ရေစီးရေလာ ထိခိုက်စေခြင်းတို့ကြောင့် အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ကြရန် လိုအပ်ကြောင်း အဆိုပါ ဌာနက အသိပေး မေတ္တာရပ်ခံထားသည်။
“ကျွန်တော်တို့ ပြည်သူတွေ ဘက်ကလည်း လိုက်နာမှု အားနည်းနေတာတော့ အမှန်ပဲ။ မန္တလေးသားဆိုတဲ့ စိတ်သာရှိပြီး မန္တလေးကိုချစ်တဲ့စိတ် မရှိရင်  အလကားပဲ။ မန္တလေးကိုချစ်ရင် မန္တလေးမြို့တော် သာယာလှပရေးအတွက် ဘက်ပေါင်းစုံကနေ ပါဝင်ကူညီကြဖို့ လိုပါတယ်” ဟု မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ်တွင် နေထိုင်သည့် ဦးမောင်မောင်ထွေးက မှတ်ချက်ပေးပြောဆိုသည်။ 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာန အနေနှင့် အမှိုက်သိမ်းယာဉ်မျိုးစုံ ၄ဝ၇ စီး၊ ချောင်းနှင့်မြောင်း အမှိုက်ဆယ်ယာဉ် စက်ယန္တရား ၂ဝ စီးတို့အပြင် အမှိုက်သိမ်း ဝန်ထမ်း ၂၂၄၄ ဦးတို့က နေ့စဉ် ထွက်ရှိနေသည့် အမှိုက်တန်ချိန် ၉ဝဝ နီးပါးတို့ကို လိုက်လံသိမ်းဆည်းပေးနေကြောင်း အဆိုပါဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။



FOLLOW US