News

POST TAGGED AS

မန္တလေး

02-Oct-2016

မန္တလေး
မြို့တော်ကို ပဲ့ကိုင်မည့်သူများ

မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် လက်ရှိ အစိုးရနှင့် ငါးနှစ်ကြာ လက်တွဲ လုပ်ဆောင်မည့် ပဲ့ကိုင်ရှင်များ ရောက်ရှိလာပြီ ဖြစ်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲ ရလဒ်အရ မန္တလေး ခြောက်မြို့နယ်အတွက် တာဝန်ယူမည့် ကိုယ်စားလှယ် အသီးသီး ထွက်ပေါ်ခဲ့သည်။ ယခင် အစိုးရလက်ထက် ကော်မတီဝင်အဖြစ် ထမ်းဆောင်ခဲ့သူအချို့လည်း ပြန်လည် ရွေးကောက် ခံခဲ့ရသဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးအတွက် ယခင်နှင့်ယခု မည်ကဲ့သို့ လက်တွဲ လုပ်ဆောင်ကြရမည်ကို စိတ်ဝင်စားမိပါသည်။

မြို့တော်ဝန် အသစ်၊ ကော်မတီဝင် အသစ်တို့ဖြင့် မန္တလေးမြို့ ပြောင်းလဲသွားအောင် မည်မျှလောက်ထိ စွမ်းဆောင်နိုင်ကြမည်နည်း။

နိုင်သူများ

မြို့နယ် ခြောက်မြို့နယ်အတွက် ယှဉ်ပြိုင်သူ ၃၅ ဦး ရှိခဲ့ပြီး ဝင်ရောက် ယှဉ်ပြိုင်ရန် စိတ်ဝင်စားမှု အားကောင်းခဲ့သည်ဟု ဆိုရမည်။

၂ဝ၁၅ ခုနှစ်က ပြုလုပ်ခဲ့သည့် စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲတွင်မူ ခြောက်မြို့နယ်ပေါင်း ၁၃ ဦးသာ ရှိခဲ့ပြီး ယမန်နှစ်က တစ်ဦးတည်းသာ ယှဉ်ပြိုင်ခဲ့သည့် မဟာအောင်မြေမြို့နယ် တစ်ခုတည်းတွင်ပင် ယခုနှစ်အတွက် ၁၂ ဦးအထိ တိုးလာခြင်းမှာ ကော်မတီဝင်အဖြစ် စိတ်ဝင်စားမှု များပြားကြောင်း ပြောပြနေသည်။

မဲဆန္ဒရှင် ပြည်သူများ၏ မဲပေးမှု ရလဒ်အရ ၂ဝ၁၆ ခုနှစ် စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲ အနိုင်ရသူများမှာ အောင်မြေသာစံမြို့နယ်အတွက် ဦးခိုင်မြင့် (ခ)  ဦးမောင်မောင်၊ ချမ်းအေးသာစံမြို့နယ်အတွက် ဦးကျော်ဇေယျ၊ မဟာအောင်မြေမြို့နယ်အတွက် ဦးကျော်ဇောအောင်၊ ချမ်းမြသာစည်မြို့နယ်အတွက် ဦးဇော်မျိုးလွင် (ခ) ကိုမိုး၊ ပြည်ကြီးတံခွန်မြို့နယ်အတွက် ဦးစောဟန်၊ အမရပူရမြို့နယ်အတွက် ဦးရဲမွန်တို့ ဖြစ်သည်။ 

ယှဉ်ပြိုင်ခဲ့သည့် ကော်မတီဝင်လောင်းများထဲတွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည့် အောင်မြေသာစံမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်သည့် အထက်တန်း ရှေ့နေ ဒေါ်သင်းသင်းအောင်က လက်ရှိ အနိုင်ရသူများအတွက် ဝမ်းမြောက်ကြောင်း ပြောကြားသည်။

ယင်းအပြင် လက်ရှိ ယှဉ်ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း အခြားသော နေရာများမှ  ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အမျိုးသမီး တစ်ဦးတည်း အနေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့အတွက် ဂုဏ်ယူတယ်။ လာမယ့်ငါးနှစ်မှာ လုပ်မယ့် ကော်မတီဝင်လောင်း ရွေးချယ်ပွဲမှာလည်း ယှဉ်ပြိုင်ဦးမှာပါ”ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။


မဲဘယ်လောက် ပေးခဲ့ကြသလဲ

အမရပူရမြို့နယ်မှာ မဲရုံ ၈၁ ရုံဖြင့် အများဆုံး ဖြစ်ပြီး မဲပေးရန် စိတ်အဝင်စားဆုံး၊ မဲပေးသူလည်း အများဆုံး ဖြစ်ခဲ့သည်။ မဲပေးခွင့်ရှိသူ သုံးသောင်း ခုနစ်ထောင်ကျော်အနက် နှစ်သောင်း ရှစ်ထောင်ကျော် လာရောက် မဲပေးခဲ့သည်။

သို့သော်လည်း မဲပေးရန် စိတ်ဝင်စားမှု မရှိသော မြို့နယ်များလည်း ရှိသည်။ နေ့လယ်ပိုင်းအချိန်ထိ မဲပေးသူ နည်းပါးနေသေးသဖြင့် မဲပေးမည့်သူများကို လိုက်လံ ခေါ်ဆိုနေရကြောင်း ချမ်းအေးသာစံမြို့နယ်ရှိ မဲရုံ တစ်ရုံမှ မဲရုံမှူးက ဆိုသည်။

“တချို့ဆို မဲရုံ ဘယ်နားမှာ ရှိမှန်း မသိတဲ့သူတွေ ရှိတယ်။ ကော်မတီ ဝင်ပြိုင်တဲ့ သူတွေကလည်း သူတို့ကို မဲပေးပါ ဆိုတာပဲ ပြောတယ်။ ဘယ်နားမှာ မဲပေးရမယ်ဆိုတာ မပြောဘူး။ ကော်မရှင်ဘက်က ထုတ်ပြန်မှု အချို့ ရှိခဲ့ပေမယ့် လေ့လာမှု အားနည်းကြတယ်”ဟု ကော်မရှင် တာဝန်ရှိသူ တစ်ဦး ဆိုသည်။

ခြောက်မြို့နယ်တွင် မဲရုံ စုစုပေါင်း  ၂၃၂ ရုံရှိသည်။ မဲပေးခွင့်ရှိသူ တစ်သိန်း ငါးသောင်းကျော်ရှိသည်။ ယင်းအနက် မဲလာပေးသူပေါင်းမှာ တစ်သိန်းကျော် ရှိသည်။ မဲလာပေးသူ ၆၆ ရာခိုင်နှုန်းကျော် ရှိသည်ဟု ကော်မရှင်က ဆိုသည်။

စည်ပင်ရွေးကောက်ပွဲ ဥပဒေအရ မဲပေးသူ ၅ဝ ရာခိုင်နှုန်းကျော်မှသာ ရွေးကောက်ပွဲ အထမြောက်ပြီး ခြောက်မြို့နယ်စလုံးတွင် မဲပေးသူ ထက်ဝက် ကျော်ခဲ့သည်။ မဲပေးရန် စိတ်ဝင်စားခဲ့ကြသည်ဟု ဆိုရပေမည်။

ရွေးကောက်ပွဲ မကျင်းပမီကပင် ငွေပေး မဲဆွယ် စည်းရုံးမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ် နေခဲ့ပြီး မဲပေးရာတွင်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မည်သူ့ကို မဲပေးရမည်ဟုဆိုတာ ပြောဆိုခဲ့မှုများ ရှိကြောင်း မန္တလေး တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးအနီးတွင် နေထိုင်သူ တစ်ဦးက  ပြောသည်။

“ဘယ်သူ့ကို မဲပေးရမလဲဆိုတော့ သူ့ကိုပေးလို့ ပြောတာ။ ကိုယ်ကလည်း မသိတော့ မဲပေးခဲ့တယ်”ဟု ၎င်းက ပြောပြသည်။

ကန့်ကွက်နိုင်

ရွေးကောက် တင်မြှောက် ခံရသည့်သူများကို ကန့်ကွက်လိုသည့် ယှဉ်ပြိုင် အရွေးချယ်ခံသူသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့မှ ခုနစ်ရက်၊ အောက်တိုဘာလ ၁ ရက်နေ့အထိ ကန့်ကွက်နိုင်ကြောင်း ကော်မရှင်က အဆိုပါနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံဖြစ်စေ၊ ၎င်းက တာဝန် လွှဲအပ်ထားသည့် အတွင်းရေးမှူး သို့မဟုတ် အဖွဲ့ဝင်ထံတွင်ဖြစ်စေ အာမခံ ငွေကျပ် တစ်သိန်းကို မြန်မာ့စီးပွားရေး ဘဏ်ခွဲ (၂) မန္တလေးမြို့၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ငွေစာရင်းအမှတ် H- 1091 သို့ ပေးသွင်း၍ ချလံမူရင်းနှင့်အတူ ကန့်ကွက်လွှာကို ရုံးချိန်အတွင်း တင်သွင်းနိုင်သည်ဟု ဆိုသည်။

ဘယ်လောက်ထိ ပြောင်းလဲနိုင်မလဲ

မြို့တော် ပြောင်းလဲအောင် ပဲ့ကိုင်မည့်သူများတွင် လက်ရှိ ရွေးကောက် တင်မြှောက် ခံရသည့် ကော်မတီဝင်များဖြင့်သာ မပြီးသေး။ အစိုးရက ခန့်အပ်မည့် ကော်မတီဝင်များကလည်း အရေးကြီးသည်။

မဲပေးသူ များပြားခဲ့သည်ဟု ပြော၍ ရသော်လည်း ကော်မတီဝင် ရွေးကောက်ပွဲကို ဒေသခံများ၏ စိတ်ဝင်စားမှု နည်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ မဲရုံသို့ လာရောက်ရန် ခေါ်ဆိုနေရမှုများ၊ မဲရုံမည်သည့် နေရာတွင် ရှိသည်ကို မသိသူများက ရွေးကောက်ပွဲကို စိတ်ဝင်စားမှု အားနည်းနေကြောင်း ပြသနေသည်။

“ကျွန်တော့် အနေနဲ့ကတော့ အစိုးရက ဘယ်သူတွေကို ခန့်မလဲဆိုတာ စိတ်ဝင်စားတယ်။ ကိုယ်နဲ့ ရင်းနှီးတဲ့ သူတွေကိုပဲ ပေးလိုက်မလား၊ တကယ့် ပညာရှင်တွေကိုပဲ ပေးလိုက်မလားဆိုတာ သိချင်တယ်။ ရွေးကောက်ပွဲကတော့ ဘယ်သူတွေ ဝင်ပြိုင်တယ်ဆိုတာ သိနေတော့ သိပ်ပြီး ရင်မခုန်ရဘူး”ဟု ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သည့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ဦးဆန်းမင်းက သူ့သဘောထားကို ပြောပြသည်။

တိုင်းဒေသကြီး အစိုးရက တိုက်ရိုက် ခန့်အပ်ပိုင်ခွင့်ရှိသည့် ကော်မတီဝင်များကို ဇူလိုင်လကတည်းက ခန့်အပ်မည်ဟု ပြောဆိုခဲ့သော်လည်း ရွေးချယ်ရ ခက်ခဲနေသဖြင့်  လက်ရှိ အချိန်ထိ မခန့်အပ်နိုင်သေးပေ။

ရွေးကောက်ခံများနှင့်အတူ တစ်ချိန်တည်း ခန့်အပ်နိုင်ဖွယ်ရှိဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တစ်ဦးက ပြောဆိုထားသော်လည်း လက်ရှိတွင် အသံ ဆိတ်နေလေသည်။

တိုင်းဒေသကြီး အစိုးရမှ ခန့်ထားမည့် ကော်မတီဝင် ငါးဦး ရှိပြီး ယင်းတို့အနက် တစ်ဦးက အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲမှ တင်မြှောက်ခံရသည့် ကော်မတီဝင် ခြောက်ဦးအနက် တစ်ဦးမှာ ဒုတိယ မြို့တော်ဝန်အဖြစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

ကော်မတီဝင်အဖြစ် ရွေးကောက် တင်မြှောက် ခံရသူတို့မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရှေ့တွင် မန္တလေးမြို့တော်နှင့် မြို့တော်နေ ပြည်သူလူထုအတွက် ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်း ရှိသရွေ့ ထမ်းဆောင်မည်ဟု ကတိသစ္စာ ပြုကြရသည်။

အစိုးရသစ်နှင့်အတူ လက်တွဲလုပ်ဆောင်မည့် မြို့တော်၏ ပဲ့ကိုင်ရှင်များ သို့မဟုတ် ကော်မတီဝင်များ အနေဖြင့် မည်မျှထိ ပြောင်းလဲနိုင်မည်နည်း ဟူသည်က မန္တလေးသူ မန္တလေးသားများအတွက် အရေးကြီးသည်။

ဦးဆန်းမင်း နေထိုင်ရာ ချမ်းမြသာစည်မြို့နယ်တွင်မူ ယခင် လူဟောင်းသာ ပြန်အရွေး ခံရသည်။ လူဟောင်း ဆိုသော်လည်း သက်တမ်း သုံးလသာ ရှိခဲ့သဖြင့် အကဲဖြတ်ရန် အခြေအနေ မပေးလှ။ ယခုတော့ သူ စောင့်ကြည့်တော့မည်။ 

“သူတို့ မဲဆွယ်တုန်းက ပြောခဲ့တာတွေ၊  ကတိကဝတ်တွေ၊ ဘယ်လောက်ထိ အကောင်အထည် ဖော်နိုင်မလဲ၊ လုပ်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ်”ဟု ဦးဆန်းမင်းက ပြောဆိုလေသည်။

မြတ် (ကလေး)

  • VIA


FOLLOW US