News

POST TAGGED AS

မန္တလေး

30-Sep-2016

မန္တလေး
အစိုးရကို အကျပ် ရိုက်စေမည့် မေးခွန်းမျိုး မဖြစ်စေရန် ထိန်းကျောင်းနေရဟု မန္တလေးတိုင်း လွှတ်တော်ဥက္ကဋ္ဌဆို
မန္တလေး၊ စက်တင်ဘာ ၃ဝ

မန္တလေး တိုင်းဒေသကြီးလွှတ်တော်တွင် အစိုးရကို အကျပ် ရိုက်စေမည့် မေးခွန်းမျိုး မဖြစ်စေရန် ထိန်းကျောင်းနေရကြောင်း  မန္တလေး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ  ဦးအောင်ကျော်ဦးက ပြောကြားသည်။

အကျပ်ရိုက်မည် စိုးရိမ်သဖြင့် အစိုးရဘက်မှသာ ဦးစားပေး ရပ်တည်နေခြင်းမျိုး မဟုတ်ဘဲ ပြည်သူလူထုကိုလည်း ကြည့်ရှုရကြောင်း၊ လောလောဆယ်တွင် လွှတ်တော်တွင် မေးခွန်း မေးသည့်သူ၊ ဖြေသည့်သူတို့မှာ အတွေ့အကြုံ နည်းပါးနေသေးကြောင်း ၎င်းက ပြောဆိုသည်။

“လွှတ်တော်ကော၊ အစိုးရကော အခုမှ အစ ရှိကြသေးတာကိုး။ ကိုယ့်အစိုးရကို အကျပ် ရိုက်သွားမယ့်ဟာမျိုးပေါ့။ တို့ လွှတ်တော် အနေနဲ့က နည်းနည်းထိန်း ကျောင်းရတာပေါ့နော်”ဟု ဦးအောင်ကျော်ဦးက ဆိုသည်။

စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် မန္တလေး တိုင်းလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် အချို့၏မေးခွန်းကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ ဖြေကြားရာ၌ လိုရင်း မရောက်မှုများ ရှိကြောင်း လွှတ်တော်ကိုယ် စားလှယ်များထံမှ သိရသည်။ 

ထို့ပြင် ကြယ်ပွင့်ပြ မေးခွန်းအချို့မှာ ကြယ်ပွင့် မပြ မေးခွန်းအဖြစ် စာအိတ်ဖြင့်  ပြန်လည် ဖြေကြားခံရကြောင်း၊ ပြည်သူ့အတွက် အကျိုးရှိမည့် မေးခွန်းများ မေးမြန်းလျှင် အစိုးရတာဝန်ရှိသူ ကိုယ်တိုင် ဖြေသင့်သည့် မေးခွန်းအချို့ကို စာအိတ်ဖြင့်သာ ဖြေကြားသဖြင့် စိတ်မကောင်း ဖြစ်ရကြောင်း ၎င်းတို့ထံမှ သိရှိသည်။

“ပြည်သူ့အတွက် အချိန်ကုန်ခံ  အပင်ပန်း ခံပြီးတော့ အလုပ် လုပ်တဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်မေးခွန်းကို လွှတ်တော်မှာ ပြန်လည် ဖြေကြားတာ ကြားချင်မှာပဲ”ဟု ချမ်းမြသာစည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ပြောကြားသည်။

ကြယ်ပွင့်ပြ မေးခွန်းအချို့ ကြယ်ပွင့် မပြ မေးခွန်းဖြစ်သွားမှု ကိစ္စနှင့် ပတ်သက်၍ The Voice ၏ မေးမြန်းမှုကို လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ဥပဒေအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

အစည်းအဝေး ပြီးသွားသော်လည်း  ဖြေရန် ကျန်ရှိနေသည့် မေးခွန်းများကိုမူ သက်ဆိုင်ရာ ဝန်ကြီးဌာနက စာဖြင့် ဖြေကြားကာ လွှတ်တော်သို့ပို့ပြီး လွှတ်တော်မှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားထံသို့ ပို့ပေးကြောင်း၊ လွှတ်တော်ဥပဒေပုဒ်မ ၁ဝ၉ အရ ယင်းသို့ လုပ်ခွင့်ရှိကြောင်း ၎င်းကဆိုသည်။
 
“တစ်နေ့ တစ်နာရီ အမေးအဖြေ လုပ်ရတယ်။ တစ်နေ့ကို မေးခွန်း ၁၂ ခု။ ဒါဆို မေးတာကော ဖြေတာကောမှ ငါးမိနစ်ပဲ။ ဒါပေမဲ့ ဒီမှာ ၁ဝ မိနစ်အထိ ပေးတယ်။ အမေး အဖြေက နေ့တိုင်း တစ်နာရီ ကျော်တာပါပဲ”ဟု ဦးအောင်ကျော်ဦးက ပြောကြားသည်။

စက်တင်ဘာလ ၂ဝ ရက်နေ့က စတင် ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင်  ကြယ်ပွင့်ပြ မေးခွန်းနှင့် အဆိုပေါင်း ၇၉ ခု  မေးမြန်းနိုင်ခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း ၃၂ ခုမှာ ကြယ်ပွင့် မပြအဖြစ် ဖြေကြားခဲ့ကြောင်း  တိုင်းလွှတ်တော်ရုံးထံမှ သိရှိရသည်။

  • VIA


FOLLOW US