News

POST TAGGED AS

မန္တလေး

အီရတ်ဝန်ကြီးချုပ်၏ လက်တုံ့ပြန်ရန် ညွှန်ကြားမှုကြောင့် IS အကျဉ်းသား ၁၃ ဦးကို ကြိုးပေးကွပ်မျက်


ဘဂ္ဂဒက် ဇွန် ၃၀

IS အဖွဲ့က ပြန်ပေးဆွဲထားသူ ၈ ဦးကို သတ်ဖြတ်ခဲ့ခြင်းအပေါ် အမြန်ဆုံးလက်တုံ့ပြန်ရန် အီရတ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပြီးနောက် IS အကျဉ်းသား ၁၃ ဦးကို အကြမ်းဖက်မှုဖြင့် စွဲချက်တင်ကာ ကွပ်မျက်လိုက်သည်ဟု အီရတ်တရားရေး ဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ကြေညာကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီးဌာနက ထုတ်ပြန်သော ကွပ်မျက်မှုဓာတ်ပုံများတွင် ကြိုးစင်၌ ချိတ်ဆွဲထားသော အကျဉ်းသားလေးဦးကို တွေ့မြင်ရပြီး အကျဉ်းသားများသည် အယူခံဝင်မှု ရှုံးနိမ့်ခဲ့သည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။

အကြမ်းဖက်မှုဖြင့် သေဒဏ်ချမှတ်ထားသူများကို အမြန်ဆုံးကွပ်မျက်ရန် ဝန်ကြီးချုပ် အယ်လ်အာဘာဒီကညွှန်ကြားပြီး နာရီပိုင်းအတွင်း ကြိုးပေးခဲ့ခြင်းဖြစ်သည်။

IS အဖွဲ့က ပြန်ပေးဆွဲထားသော ရဲတပ်ဖွဲ့ဝင်နှင့် ရှီးယိုက်ပြည်သူ့စစ် ၈ ဦးကို သတ်ဖြတ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်က အမြန်ဆုံးလက်တုံ့ပြန်ရန် ညွှန်ကြားခဲ့သည်။

ယခုသတ်ဖြတ်မှုများသည် ဒီဇင်ဘာလက IS အဖွဲ့အပေါ် အနိုင်ရကြောင်း ကြေညာခဲ့သည့် အီရတ်နိုင်ငံ၏ လုံခြုံရေးအခြေအနေအပေါ် သံသယမေးခွန်းထုတ်စရာများ ထွက်ပေါ်လာစေသည်။

အစ္စလာမ် ကာလီဖိတ် ပြိုလဲသွားပြီဟု ဆိုသော်လည်း ဝန်ကြီးချုပ်အဘာဒီသည် IS အဖွဲ့၏ ခြိမ်းခြောက်မှုများကို လျစ်လျူရှုနေသည်ဟု အပြစ်တင်ခြင်းခံနေရသည်။

“IS အဖွဲ့ ပြိုကွဲသွားပြီဆိုပေမယ့် အကြမ်းဖက် အမာခံဆဲလ်တွေရဲ့ ခြိမ်းခြောက်မှုတွေကဟိုမှာ၊ ဒီမှာရှိနေတုန်းပဲ”ဟု ထိပ်တန်းဘာသာရေးခေါင်းဆောင် အယ်လ်ခါဘာလာကရုပ်သံမှ ထုတ်လွှင့်သော သောကြာနေ့ ဝတ်ပြုပွဲတွင် ပြောကြားသည်။

အစိုးရသည် မေလရွေးကောက်ပွဲအပြီး ညွှန့်ပေါင်းမဟာမိတ်ဖွဲ့ရေးကိုသာ အာရုံစိုက်နေသောကြောင့် IS အဖွဲ့၏ အန္တရာယ်ကို မမြင်နိုင်ဘဲ ဖြစ်နေသည်ဟု ၎င်းက စွပ်စွဲလိုက်သည်။

“အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖျက်ဆီးပြီး နိုင်ငံနဲ့ပြည်သူကို ကာကွယ်ရမယ့်အစား ရွေးကောက်ပွဲရလဒ်နဲ့ မဟာမိတ်ဖွဲ့ရေးကို အာရုံစိုက်နေတာဟာ အလွဲကြီးလွဲနေပါတယ်”ဟု ၎င်းက ရှီးယိုက်မြို့တော် ခါဘာလာတွင် ပြောကြားသည်။

IS အဖွဲ့သည် ၂၀၁၄ ခုနှစ်က အီရတ်နှင့်ဆီးရီးယားတွင် ထူထောင်ထားသော အစ္စလာမ် ကာလီဖိတ်နယ်မြေများကို ဆုံးရှုံးလက်လွှတ်လိုက်ရပြီ ဖြစ်သော်လည်း ဆီးရီးယား နယ်စပ်တစ်လျှောက်နှင့် အီရတ်နိုင်ငံအနှံ့တွင် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ 

F-04
 



FOLLOW US