News

POST TAGGED AS

မန္တလေး

20-Jun-2018

NLD မန္တလေး
မန္တလေးတိုင်းတွင် NLD ပါတီကိုယ်စားပြု ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အဆိုပြုထားသူ ၁၆ ဦးရှိ
မန္တလေး၊ ဇွန် ၁၉

မန္တလေးတိုင်းအတွင်း လစ်လပ်မဲဆန္ဒနယ်များအတွက် NLD ပါတီ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန် အဆိုပြုလျှောက်လွှာတင်ထားသူ ၁၆ ဦး ရှိကြောင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးတင်ထွဋ်ဦးက ပြောကြားသည်။

“မဲဆန္ဒနယ်သုံးခုအတွက် ၁၆ ဦးရှိတယ်။ သူတို့ကို တိုင်းအဆင့်အနေနဲ့ စိစစ်မှုတွေလုပ်ပြီးသွားပြီ။ ဗဟိုကိုလည်းပို့ထား ပြီးပါပြီ။ ဗဟိုကနေ ဒီလမကုန်ခင် ပြန်ပြီးတော့ချပေးမှာပါ”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးတိုင်းတွင် မြင်းခြံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် တစ်နေရာ၊ သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ နေရာနှင့် မန္တလေးတိုင်း လွှတ်တော်၊ ရှမ်းတိုင်းရင်သားလူမျိုး မဲဆန္ဒနယ်နေရာတို့ လစ်လပ်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

၂၀၁၅ မဲစာရင်းများအရ မြင်းခြံ မြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းကျော်၊ သပိတ်ကျင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းလွှတ်တော်အတွက် မဲပေးပိုင်ခွင့်ရှိသူ ငါးသောင်းကျော်နှင့် မန္တလေးတိုင်းလွှတ်တော်၊ ရှမ်းတိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ်အတွက် မဲပေးပိုင်ခွင့်ရှိသူ ငါးသောင်းကျော်ရှိကြောင်း မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် လစ်လပ်နေသော မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မေလ ၈ ရက်နေ့တွင် ကြေညာခဲ့သည်။

“ပြိုင်ဖို့မပြိုင်ဖို့ကတော့ ခုချိန်ထိ ဗဟိုက မဆုံးဖြတ်ရသေးပါဘူး။ ပြိုင်ချင်တယ်ဆိုရင် ပြိုင်ချင်တဲ့ပုဂ္ဂိုလ်တွေကို ဆန္ဒတောင်းထားတာရှိပါတယ်။ အခုချိန်ထိတော့ ပြိုင်ဖို့မပြိုင်ဖို့မဆုံးဖြတ်ရသေးဘူး”ဟု မန္တလေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်မည့်နေ့ရက်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေထိ တင်သွင်းနိုင်ကြောင်း ကြေညာထားသည်။ 

M-05

  • VIA


FOLLOW US