News

POST TAGGED AS

မန္တလေး

11-Jun-2018

NLD တောင်သာ
တောင်သာမှ NLD ပါတီဝင် ၁၀၀ ခန့် ကြံ့ခိုင်ရေးပါတီသို့ ကူးပြောင်းသည်မှာ မဟုတ်မှန်ကြောင်း ဒေသခံများပြန်ရှင်း


မိတ္ထီလာ၊ ဇွန် ၁၀

တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာမှ NLD ပါတီဝင် ၁၀၀ ခန့်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဘက်သို့ ကူးပြောင်းသွားသည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြနေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ဒေသခံများက ဇွန်လ ၁၀ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြန်လည်ဖြေရှင်းခဲ့ကြသည်။

“ကျွန်တော်တို့ရုံးစည်ကြီးကျေးရွာ မှာ NLD ပါတီဝင် ၆၇ ဦးသာ ရှိပါတယ်။ ပါတီကနေ နုတ်ထွက်စာတင်ထားတာကလည်း နှစ်ဦးတည်း။ ကျွန်တော်က NLD ပါတီဝင်မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ သာမန်ပြည်သူတစ်ယောက်ပါ။ ရုံးစည်ကြီးရွာက ဘယ်ပါတီရဲ့ စိုးမိုးမှုအောက်မှာမှ မရှိဘူး။ ဒါပေမဲ့ ဒီလိုမဟုတ်မမှန် သတင်းထွက်လာတဲ့အတွက် ရွာရဲ့ဂုဏ်သိက္ခာအတွက် အခုလို ပြည်သူ့အသံကို ထုတ်ဖော်ရတာ”ဟု ယင်းကျေးရွာမှ ရွာမိရွာဖ ဦးဇော်မင်းဦးက ပြောကြားသည်။ 

ပါတီဝင် ၁၀၀ ကူးပြောင်းခြင်းဆိုသည်ထက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအောက်တွင် ရုံးစည်ကြီးကျေးရွာ ရောက်ရှိနေသော ပုံစံမျိုးဖြစ်နေကြောင်း၊ ပါတီချင်းဖြေရှင်းရမည့်ကိစ္စများကိုမူ မှတ်ချက်မပေးလိုကြောင်း အဆိုပါကျေးရွာတွင် ပရဟိတလုပ်ကိုင်နေသော ဒေသခံ ဦးအောင်ဇော်မိုးကလည်း ပြောဆိုသည်။ 

“ကျွန်တော်တို့ဆီကို တရားဝင် ထွက်စာတင်ထားတာက ဦးသောင်းငွေနဲ့ ဒေါ်ရီရီဝင်းဆိုတဲ့ နှစ်ဦးတည်းပါ။ မေလ ၄ ရက်နေ့မှာ ထွက်စာလာတင်ထားတယ်။ မမှန်သတင်းတက်သွားတာက ဇွန်လ ၅ ရက်နေ့မှာဖြစ်ပါတယ်။ ဒီရွာမှာပါတီဝင် ၆၇ ဦးပဲရှိတယ်”ဟု တောင်သာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးဇော်ထွေးက ပြောကြားသည်။ 

တောင်သာမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသော ရုံးစည်ကြီးကျေးရွာတွင် အိမ်ခြေ ၁၄၀၀ ကျော်၊ ရပ်ကွက်ကြီးခြောက်ခု လူဦးရေ ၆၀၀၀ ကျော်ရှိပြီး ပြီးခဲ့သော ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း ၁၁ ရုံရှိသည့်အနက် ၁၀ ရုံတွင် NLD ပါတီက အနိုင်ရရှိခဲ့ကြောင်း ရွာမိရွာဖများနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။  

R-01



FOLLOW US