POST TAGGED AS

မန္တလေး

တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ယခင်နှစ်အောက်လျော့နည်း
ရန်ကုန်၊ ဇွန် ၂ 

ယခုနှစ် မတ်လကစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပဲအောင်ချက် ယခင်နှစ်အောက်လျော့နည်းခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ အောင်စာရင်းအချက်အလက်များ နှိုင်းယှဉ်ချက်အရ သိရှိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၂ ရက်က ထုတ်ပြန်ခဲ့ရာ ယခုနှစ်စာမေးပွဲအောင်ချက် ၃၂ ဒသမ ၈၂ ရာခိုင်နှုန်းသာရှိပြီး ယခင်နှစ်က ၃၃ ဒသမ ၈၉ ရာခိုင်နှုန်းရှိခဲ့သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ယခင်နှစ်အောက် လျော့နည်းသော်လည်း ဖြေဆိုသူဦးရေမှာ ယခင်နှစ်ထက် ခုနစ်သောင်းကျော်ပိုများခဲ့သည်။ အောင်မြင်သည့် ကျောင်းသားအရေ အတွက်လည်း ယခင်နှစ်ထက် နှစ်သောင်းခန့် ပိုများသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာနက ၄၄ ရာခိုင်နှုန်းကျော်ဖြင့် အောင်ချက်အကောင်းဆုံးဖြစ်သည်။ တိုင်းနှင့်ပြည်နယ် နှိုင်းယှဉ်ချက်တွင် ယခင်နှစ်က ဒုတိယအောင်ချက်အကောင်းဆုံးဖြစ်သော မန္တလေးတိုင်းက ပထမအောင်ချက်အကောင်းဆုံးဖြစ်သည်။  

လွန်ခဲ့သည့်နှစ်က ၂ နှစ်ဆက်တိုက် တစ်နိုင်ငံလုံးအောင်ချက် အကောင်းဆုံးဖြစ်ခဲ့သော မွန်ပြည်နယ်သည် ယခုနှစ်တွင် ၃၇ ဒသမ ၄၂ ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံး တတိယနေရာသို့ ရောက်ရှိသွားသည်ကို တွေ့ရှိရသည်။

ယခုနှစ် အောင်ချက်အနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်ပြီး အောင်ချက် ၁၆ ဒသမ ၆၅ ရာခိုင်နှုန်းရှိသော်လည်း ယခင် နှစ်က ၁၉ ဒသမဝ၄ ရာခိုင်နှုန်းရှိခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်အောက် အောင်ချက်ပိုလျော့နည်းသည်ကို တွေ့ရှိရသည်။

ထိုသို့ အောင်ချက်လျော့နည်းခြင်းမှာ ဘာသာရပ်သင်ဆရာ လုံလုံလောက်လောက် မခန့်ထားပေးနိုင်ခြင်းက အားနည်းချက်တစ်ခုဖြစ်သည်ဟု သုံးသပ်မိကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်လည်း စာမေးပွဲအောင်ချက် ယခင်နှစ်အောက် လျော့နည်းခဲ့ကြောင်း၊ သို့သော်လည်း ယခုနှစ်တွင် ကျိုင်းတုံမြို့နယ်မှ ဘာသာစုံ ဂုဏ်ထူးရှင်သုံးဦးထွက်ပေါ်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ယခင်နှစ်က အောင်ချက် ၃၅ ဒသမ ၅၀ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ်တွင် ၃၂ ဒသမ ၃၈ ရာခိုင်နှုန်းသာ အောင်ချက်ရာခိုင်နှုန်းရှိခဲ့သည်။

မကွေးတိုင်းဒေသကြီးတွင်လည်း ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချက် ယခင်နှစ်အောက် ၆ ရာခိုင်နှုန်းကျော် လျော့ကျခဲ့သည်။ ယခုနှစ်အောင်ချက် ၃၁ ဒသမ ရ၁ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်က အောင်ချက် ၃၇ ဒသမ ၉၈ ရာခိုင်နှုန်းရှိခဲ့သည်။

အောင်ချက်နည်းလာခြင်းသည် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာတွင် စဉ်းစားတွေးခေါ်မှုပိုင်း ဦးစားပေးမေးသောကြောင့် ကျောင်းသားများ အခက်အခဲဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူး ဦးအောင်မြင့်က ဆိုသည်။

အောင်ချက်လျော့နည်းလာခြင်းသည် မေးခွန်းအခြေအနေပေါ်မူတည်သည့်အပြင် သင်ကြား၊ သင်ယူမှုအပိုင်းတွင် ကျောင်းသားများ၏ စိတ်ပါဝင်စားမှုပေါ်လည်း မူတည်သေးကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ဧရာဝတီတိုင်းတွင် အောင်ချက်ရာခိုင်နှုန်း ၃၀ ကျော်ရှိပြီး တစ်တိုင်းလုံးတွင် ကြံ့ခင်းမြို့နယ်က ၄၂ ရာခိုင်နှုန်းဖြင့် အောင်ချက်အများဆုံးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထုတ်ပြန်ချက်အရ သိရှိရသည်။

ယခုနှစ် သိပ္ပံတွဲတွင် ရမှတ် ၅၅၃ မှတ်ဖြင့် အထက (၁) ဒဂုံကျောင်းမှ ဘာသာစုံဂုဏ်ထူးရှင် မသင်းမြနွေးက တစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိခဲ့သည်။ သိပ္ပံတွဲ အမှတ်အများဆုံး ၁၀ ဦးစာရင်းတွင် တစ်ဦးနှင့်တစ်ဦး ရမှတ် ၁ မှတ်စီသာ ကွာခြားသည်။

ဝိပ္ပံတွဲအမှတ်အများဆုံးစာရင်းတွင် အထက (၅) ကမာရွတ်ကျောင်းမှ ငါးဘာသာဂုဏ်ထူးရှင် မောင်ကျော်လင်းပိုင်က ၅၁၄ မှတ်ဖြင့် ပထမနေရာရရှိခဲ့သည်။ ဝိပ္ပံတွဲ အမှတ်အများဆုံး ၁၀ ဦးလည်း တစ်ဦးနှင့်တစ်ဦး တစ်မှတ်၊ နှစ်မှတ်စီသာ ကွာခြားသည်။

ဝိဇ္ဇာတွဲ အမှတ်အများဆုံးစာရင်းတွင် အထက၊ ငပိဆိပ် (ရေကြည်) ကျောင်းမှ လေးဘာသာဂုဏ်ထူးရှင် မောင်စိုးသက်က ရမှတ် ၄၉၂ မှတ်ဖြင့် အမှတ်အများဆုံးနေရာ ရရှိသည်။ ဝိဇ္ဇာတွဲ အမှတ်ဆုံး ၁၀ ဦးလည်း တစ်ဦးနှင့်တစ်ဦး ရမှတ် သုံး၊ လေးမှတ်စီသာ ကွာခြားသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး စာစစ်ဌာနပေါင်း ၂၀ ၌ ဝင်ရောက်ဖြေဆိုသည့်ကျောင်းသား၊ ကျောင်းသူ ၇၈၀,၀၀၀ ကျော်ရှိပြီး အောင်မြင်သူ ၂၅၀,၀၀၀ ကျော်သာ ရှိသည်။ 





FOLLOW US