News

POST TAGGED AS

မန္တလေး

29-May-2018

လူသတ်မှု မန္တလေး
မိုးကုတ်မြို့ လေးလောင်းပြိုင်လူသတ်မှု ခြောက်ဦးဖမ်းမိ၊ နှစ်ဦးလွတ်မြောက်
မန္တလေး၊ မေ ၂၉

မိုးကုတ်မြို့နယ်အတွင်း ယခုလလယ်ပိုင်းက ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍ အမျိုးသား ခြောက်ဦးကို ဖမ်းဆီးထားပြီး နှစ်ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“အမှုစဖြစ်တဲ့အချိန်တုန်းက သံသယနဲ့ ဖမ်းထားတဲ့သူတွေလည်းပါတယ်။ စစစ်တုန်းကတော့ ကျွန်တော်တို့မှာ သက်သေမရှိတော့ ငြင်းတာပေါ့။ အချိန် ယူပြီးတော့ သက်သေတွေရှာပြီး သေချာ ပြန်စစ်တော့မှ သူတို့ဝန်ခံတယ်။ ခြောက်ယောက်တော့ ဖမ်းမိပြီ။ နှစ်ယောက်ကတော့ ထွက်ပြေးနေပါတယ်”ဟု ပြင်ဦးလွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ညီညီက အတည်ပြု ပြောကြားသည်။

မိုးကုတ်မြို့နယ် ရွှေညောင်ပင် ကျေးရွာအုပ်စု၊ စိန်အင်းကျေးရွာမှ မိသားစုတစ်စုလုံးကို ၎င်းတို့လယ်ယာ လုပ်ငန်းလုပ်ကိုင်သည့် ယာကွက်အတွင်း ဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည် ကို မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်အချိန်က တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သေဆုံးသူများမှာ အသက် ၄၉ နှစ်အရွယ် ဦးရန်တား၊ အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်စံလူမီး၊ အသက် ၁၅ နှစ်အရွယ်ရှိ မောင်အလေးနှင့် အသက် ၁၀ နှစ်အရွယ် မအာဝူမီးတို့သည် ယာတဲအတွင်း ခန္ဓာကိုယ် အနှံ့အပြား ဓားဒဏ်ရာ များစွာဖြင့် သေဆုံးနေသည်ကို ယာတဲသို့လာသည့် မိသားစုဝင်တစ်ဦးဖြစ်သူ ဦးရန်စီးတက်က စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုးကုတ်မြို့ ကျပ်ပြင်နယ်မြေရဲစခန်းက လူသတ်မှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပေးထားသည်။ 

သေဆုံးသူ ဦးရန်တားနှင့် တောင်ယာလုပ်ကိုင်ရင်း ပြဿနာဖြစ်ပွားခဲ့သည်ကို မကျေနပ်သောကြောင့် မေလ ၁၆ ရက်နေ့ ညပိုင်းက ဓားများဖြင့် သွားရောက်ခဲ့ပြီး မိသားစုအားလုံးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

သေဆုံးမိသားစုများနှင့် ပြဿနာ ဖြစ်ပွားခဲ့သူ အောင်ဗဒါန်းရွာမှ ဒွဲလှ၏ ပြောဆိုစည်းရုံးမှုဖြင့် ဘရန်နူး၊ ဇော်လတ် (ခ) ဇကေး၊ ဇော်လတ် (ရွာဆော်)၊ နော် အောင်၊ ဦးလွမ်းဇယ်၊ ဦးလရိန်၊ ဘရန်လတ်တို့ ပါဝင်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက်မှ ဦးလွမ်းဇယ်နှင့် ဦးလရိန်တို့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ် ကြောင်း၊ ထွက်ပြေးလွတ်မြောက်နေသူ နှစ်ဦးကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း ဒုရဲမှူးကြီးညီညီက ထပ်လောင်း ပြောဆိုသည်။

လူသတ်မှုကျူးလွန်သူများကို မေလ ၁၈ ရက်နေ့တွင် သုံးဦး၊ ၂၀ ရက်နေ့တွင် တစ်ဦး၊ ၂၈ ရက်နေ့တွင် နှစ်ဦး ဖမ်းမိ ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် မိသားစုဝင် တစ်ခုတည်း သတ်ဖြတ်ခံရသည့်ဖြစ်စဉ်အနေနှင့် ၂၀၁၆ ခုနှစ် ဩဂုတ်လအတွင်းက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ ရွှေနံ့သာ ကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်တွင် ဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့ဝင်ဟောင်း၏ နေအိမ်၌ လေးလောင်းပြိုင် လူသတ်မှုနှင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က ဘိုကလေးမြို့နယ် သရော်ချောင်းကျေးရွာအုပ်စု ခိုင်ရွှေဝါကျေးရွာမှ လေးလောင်းပြိုင် လူသတ်မှုတို့ ဖြစ်ပွားခဲ့ဖူးသည်။

M-04



FOLLOW US