News

POST TAGGED AS

မန္တလေး

ပုဂံသရပါတံခါး မော်တော်ယာဉ်ဖြတ်သန်းခွင့် ပြန်ပေး


မန္တလေး၊ မေ ၂၃

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း တစ်နှစ်ကျော်ကြာ မော်တော်ယာဉ်ဖြတ်သန်းသွားလာခွင့် တားမြစ်ထားသည့် သရပါတံခါးမှနေ၍ နှစ်တန်အောက်ကားများ ပြန်လည်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။

မော်တော်ယဉ်များ ဖြတ်သန်းသွားလာမှုကြောင့် ဖြစ်ပေါ်လာသောတုန်ခါမှုများ သရပါတံခါးထိခိုက်မှုမရှိစေရန် မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလက တားမြစ်ထားခဲ့ရာမှ ပြန်လည်ခွင့်ပြုနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) က စီစဉ်နေခြင်းဖြစ်သည်။

“အဓိကကတော့ ကားမကျပ်အောင်ပေါ့။ ပွင့်လင်းရာသီမှာ ဘုရားဖူးတွေအများကြီး လာကြတဲ့အခါမှာ ကားတွေကျပ်တယ်။ နှစ်လမ်းသွားလမ်းမကြီးဆိုရင် သွားမရအောင်ဖြစ်ခဲ့တယ်။ ပုဂံမြို့ဟောင်းကနေ ညောင်ဦးအထိလမ်းတွေ ပိတ်ခဲ့တယ်။ ဒီအချိန်က ခရီးသွားရာသီ မဟုတ်တော့ ဒီအချိန်မှာခွင့်ပြုပေးလိုက်ရင် ကားအများကြီးလာတဲ့အချိန်မှာ ချိန်လို့ရတယ်”ဟု ဦးအောင်အောင်ကျော်က ရှင်းပြသည်။

သရပါတံခါးမှနေ၍ နှစ်တန် အောက်ယာဉ်ငယ်များ ဖြတ်သန်းသွားလာခွင့် တစ်ပတ်အတွင်း ခွင့်ပြုပေးမည်ဖြစ်သော်လည်း ယင်းသို့ ခွင့်ပြုပေးခြင်းသည် ကနဦး စမ်းသပ်ခွင့်ပြုပေးခြင်းသာဖြစ်ကြောင်း၊ သရပါတံခါး၏ တုန်ခါမှုခံနိုင်ရည်ကို စမ်းသပ်နိုင်ရန် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ အင်အားရစ်ခ်စတာစကေး ၆ ဒသမ ၈ အဆင့်ရှိအင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့သဖြင့် ပုဂံယဉ်ကျေးမှုဒေသရှိ ဘုရားစေတီ ၃၈၉ ဆူ ထိခိုက်ပျက်စီးခဲ့ရာ ငလျင်လှုပ်ခတ်ပြီးနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ကားအသွားအလာများ၍ တုန်ခါမှုများကြောင့် ထိခိုက်မှုမရှိစေရန် သရပါတံခါးအပါအဝင် သဗ္ဗညုဘုရား၊ ပုထိုးသားများ ဘုရား၊ နတ်လှောင်ကျောင်း၊ စူဠာမဏိ ပုထိုးတော်ကြီးအနီးနှင့် သဗ္ဗညုဘုရားအနီးမှ မော်တော်ယာဉ်သွားလာခွင့် တားမြစ်ခဲ့သည်။

“ဒီလိုပြန်ခွင့်ပြုတာက ဖြစ်သင့်ပါတယ်။ ကားလေးတွေသွားရုံနဲ့တော့ သရပါတံခါးကြီး ပျက်စီးသွားစရာအကြောင်း မရှိပါဘူး။ အခုက သွားရလာရအဆင်မပြေဘူး။ ဥပမာ- ရွှေဂူကြီးဘုရားသွားရမယ် ဆိုရင်ခက်သွားပြီ။ ပတ်ပြီးသွားရတယ်။ ဧည့်သည်တွေက မြို့ဟောင်းကို ကြည့်ချင်တယ်။ နန်းတော်ရာကို ကြည့်ချင်ကြတယ်။ နီးလျက်နဲ့ဝေးနေကြတယ်။ မြို့ဟောင်းကို ကြည့်ချင်တဲ့ဧည့်သည် တော်ရုံတန်ရုံ မရောက်တော့ဘူး”ဟု ပုဂံဧည့်လမ်းညွန် အသင်းနာယက ဦးဇော်ဝင်းချိုက မှတ်ချက်ပြုသည်။

လက်ရှိတွင် သရပါတံခါးမှနေ၍ မော်တော်ဆိုင်ကယ်များနှင့် မြင်းလှည်းများသာ ဖြတ်သန်းသွားလာခွင့်ပြုထားသည်။ 

M-05



FOLLOW US