POST TAGGED AS

မန္တလေး

24-Sep-2016

မန္တလေး
ဓမ္မာရုံအတွင်း ဝင်ရောက်နှောင့်ယှက်ခဲ့သည့် နိုင်ငံခြားသားကို ပုဒ်မသုံးခုဖြင့် အရေးယူ
မန္တလေး၊ စက်တင်ဘာ ၂၄

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ တည်းခိုဆောင် (Hostel) ၌ တည်းခိုသည့် နိုင်ငံခြားသားက ဓမ္မာရုံအတွင်းသို့ ဝင်ရောက်ကာ ပရိတ်ရွက်ခြင်းကို နှောင့်ယှက်ခဲ့သည့်အတွက် ပုဒ်မသုံးခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ သိရသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၈၂ လမ်းနှင့် ၈၃ လမ်းကြား၊ ၃၇ လမ်းနှင့် ၃၈ လမ်းကြားရှိ တမာကုန်းရပ်ကွက်မှ သုစရိတဓမ္မာရုံ၌ ပရိတ်ရွတ်နေစဉ် ယင်းရပ်ကွက်နှင့် မျက်နှာချင်းဆိုင်တွင် ရှိသည့် Four Rivers Hostel ၌ တည်းခိုနေသည့် နိုင်ငံခြားသားတစ်ဦးက စက်တင်ဘာ ၂၃ ရက် ည ၁၀ နာရီခန့်တွင် ဓမ္မာရုံအတွင်းသို့ ဝင်ရောက်ကာ အစသံချဲ့စက်ကြိုးများ ဆွဲဖြတ်ခြင်း၊ ခလုတ်များကို ပိတ်ခြင်းတို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အဖိတ်နေ့တိုင်း ရွတ်နေကျ ဖြစ်တဲ့အတွက် ထုံးစံအတိုင်း ရပ်ကွက်ထဲက အမျိုးသမီးတွေ ပရိတ်ရွတ်နေတုန်း နိုင်ငံခြားသားတစ်ယောက် ဓမ္မာရုံထဲ ဝင်လာပြီး အသံချဲ့စက်က ကြိုးတွေ အကုန်ဆွဲဖြတ်၊ ခလုတ်တွေလိုက်နှိပ် လုပ်ပစ်တာ၊ ဖိနပ်လည်း မချွတ်ဘဲ ဝင်လာတာ ဖြစ်နေတယ် ဆိုတော့ ဒီလိုအပြုအမူက ကျွန်တော်တို့ ဘာသာကို စော်ကားတယ်လို့ပဲ မြင်မိပါတယ်” ဟု သုစရိတဓမ္မာရုံ ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယင်းသို့သော နိုင်ငံခြားသား၏ အပြုအမူကြောင့် ရပ်ကွက်တွင်းမှ လူငယ်များ အပါအဝင် လူ ၇၀ ခန့်ကလည်း အဆိုပါ တည်းခိုဆောင်ကို ဝိုင်းဝန်းမှုများလည်း ရှိခဲ့သော်လည်း ဆူပူမှု မဖြစ်စေရန် ထိန်းသိမ်းနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“နိုင်ငံခြားသားက ဟော်လန်နိုင်ငံသားပါ။ Mr.Klaas Haijtema လို့ သိရပါတယ်။ ဗီဇာသက်တမ်းကတော့ အပြည့်ရှိပါသေးတယ်။ စက်တင်ဘာ ၂၀ ကနေ အောက်တိုဘာ ၁၆ ရက်အထိ သက်တမ်းရှိတယ်။ လဝက အနေနဲ့တော့ ဗီဇာစည်းကမ်းဖောက်ဖျက်မှု ပုဒ်မနှစ်ခုနဲ့ အရေးယူထားပါတယ်”ဟု မဟာအောင်မြေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးသောင်းဒန်က ပြောသည်။

အသံချဲ့စက်မှ အသံမှာ မခံနိုင်သည်အထိ ဆူညံနေလျှင်ပင် နိုင်ငံခြားသား ဧည့်သည်တစ်ယောက် အနေဖြင့် ယင်းသို့ မပြုမူသင့်ကြောင်း၊ မိမိတည်းခိုရာ တည်းခိုဆောင်မှ တာဝန်ရှိသူမှ တစ်ဆင့် ပြောဆိုသင့်ကြောင်း မန္တလေးမြို့ခံများက ဝေဖန်ပြောဆိုကြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Mr.Klaas Haijtema ကို မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွင် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၄ (၂)၊ ၁၃ (၁) တို့အပြင် သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ - Pyae sone Aung Facebook



FOLLOW US