News

POST TAGGED AS

မန္တလေး

18-May-2018

ဈေး မန္တလေး
မန္တလေးတွင်း အေးမေတ္တာဈေးသစ် ယခုလကုန်ဖွင့်မည်
မန္တလေး၊ မေ ၁၇

ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်အတွင်း တည်ဆောက်ထားသော ဈေးသစ်ကို အေးမေတ္တာအမည်ဖြင့် မေလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။ 

အဆိုပါရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် ပျံကျရောင်းဝယ်လျက်ရှိသော ဈေးသည်များကို ယင်းဈေးသစ်တွင် နေရာချပေးမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

“အေးမေတ္တာဈေးလို့ ရပ်ကွက်က ပေးထားတဲ့အမည်နဲ့ ဈေးအသစ်တစ်ခု ဖွင့်မှာပါ” ဟု ၎င်းက ပြောဆိုသည်။

အေးမေတ္တာဈေးကို (ဆ) ရပ်ကွက်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်သူများအတွက် ဈေးတစ်ခု လိုအပ်နေသောကြောင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ရှင်းပြသည်။

ပျံကျဈေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပြီး ဈေးသစ်ဖွင့်လှစ်ပြီးပါက ဈေးဝယ်များနှင့် ဈေးသည်များ ယာဉ်အန္တရာယ် ဘေးကင်းသွားမည်ဟု ယင်းဈေးအနီးဝန်းကျင်တွင်နေထိုင်သူ ဦးစိုးက ပြောကြားသည်။

ပျံကျဈေးသည်များအတွက် ဈေးဆိုင်ခန်းနေရာများကို မေလ ၃၁ ရက် မတိုင်မီမဲဖောက်၍ နေရာချထားပေးသွားမည်ဟု မန္တလေးမြို့တော်စည်ပင်ဈေးနှင့် သားသတ်ဌာန ဌာနမှူး ဦးခင်အောင်က ပြောဆိုသည်။

ယင်းဈေးအသစ်တွင် ခြောက်ပေပတ်လည်အကျယ်ရှိ ဆိုင်ခန်း ၂၅၆ ခန်း ပါဝင်ဟုလည်း ၎င်းက ရှင်းပြသည်။ 

၂၀၁၇ ခုနှစ်အတွင်းက အေးမေတ္တာဈေးကို စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၌ ဈေး ၄၉ ခုရှိလာခဲ့ပြီဖြစ်သည်။

ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်တွင် အစားထိုးမြေယာများပြန်လည်ပေး အပ်စဉ်ကတည်းက အဆိုပါနေရာတွင် ဈေးသစ်တစ်ခု ဆောက်လုပ်ရန် နေရာချထားပေးခဲ့ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီ မှတ်တမ်းများအရ သိရသည်။

၁၉၉၅ ခုနှစ်က ကမ်းနားလမ်းသစ် ဖောက်လုပ်ရာ၌ လမ်းနေရာနှင့် မလွတ်သော မန္တလေးမြို့အနောက်ဘက်ရှိ မြို့တာရိုးလမ်းအနီးနှင့် ဂေါဝိန်ဆိပ်အနီး နေထိုင်သူများကို ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်တွင် အစိုးရက နေရာ အစားထိုးပြန်ပေးခဲ့သည်။

M-08



FOLLOW US