News

POST TAGGED AS

မန္တလေး

ကော့သောင်းတွင် ဆိုင်ကယ်မောင်းသမားတစ်ဦး လူသတ်အလောင်းဖျောက်ခံရ
ကော့သောင်း ၊ မေ ၆

ပျောက်ဆုံးနေသည့် ဆိုင်ကယ် ကယ်ရီမောင်း အမျိုးသား၏ အလောင်းကို မေလ ၄ ရက်နေ့က ကော့သောင်းမြို့နှင့် ၃၆ မိုင်ဝေးသည့် ဆီအုန်းစိုက်ခင်းများအတွင်း ပြန်လည်ရှာတွေ့ခဲ့သည်ဟု ကော့သောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ကယ်ရီမောင်းသူမှာ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် ကယ်ရီဆွဲနေသည့် မြို့မဆိုင်ကယ်ဂိတ်မှနေ၍ ခရီးသည်ပို့ရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး မေလ ၄ ရက်နေ့ ကြာချိန် ၂၂ ရက် ကြာပြီးမှ အလောင်းပြန်တွေ့ခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ မိသားစုဝင်များက ဆိုသည်။

မြို့ပြင်သို့ ကယ်ရီအငှားလိုက်ရန် လူငယ်နှစ်ဦးက ငှားရမ်းခေါ်ဆောင်သွားသည်ဟုသာ သိရပြီး ယင်းနေ့ကတည်းက ပျောက်ဆုံးသွားခဲ့သည်ဟု မိသားစုဝင်များထံမှ သိရသည်။

မျက်နှာကို အင်္ကျီဖြင့် ရစ်ပတ်ဖုံးအုပ်ထားပြီး မှောက်ရက်အနေအထားနှင့် ပုပ်ပွပြီး ဆွေးမြည့်နေတဲ့ အမျိုးသား အလောင်းတစ်လောင်းကို ဆီအုန်းခြံ မြေဩဇာထည့် အလုပ်သမားနှစ်ဦးမှ ကနဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပျောက်သွားတဲ့နေ့ကစပြီး လိုက်ရှာခဲ့တာ ရှာမရခဲ့ဘူး၊ အလောင်းပေါ်တယ် ပြောတိုင်း လိုက်ကြည့်ခဲ့တယ်။ ဒီတစ်ခါတော့ မျက်နှာတွေပျက်နေပေမယ့် ကျွန်မယောကျာ်းရဲ့ ဖိနပ်ရယ်၊ အိမ်ကထွက်သွားပြီး ဝတ်ထားတဲ့ အဝတ်အစားနဲ့ ဘောင်းဘီထဲက ဖုန်းတွေကို မှတ်မိနေခဲ့တယ်”ဟု သေဆုံးသူ၏ ဇနီးဖြစ်သူက ပြောသည်။

“ရက်ရက်စက်စက် သတ်သွားတဲ့ လူသတ်တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်တယ်၊ ရဲတပ်ဖွဲ့ကိုလည်း ဒီအတိုင်းပဲ ပြောချင်ပါတယ်”

အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားခံများကို အမြန်ဆုံးဖော်ထုတ်နိုင်ရေး ကြိုးစားဆောင်ရွက်နေသည်ဟု ကော့သောင်း မြို့မရဲစခန်း တာဝန်ရှိသူက ဆိုသည်။

Dawei Watch



FOLLOW US