News

POST TAGGED AS

မန္တလေး

19-Sep-2016

စည်ပင် မန္တလေး
မန်းစည်ပင် ကော်မတီဝင်လောင်း ပြိုင်ပွဲ

ရှိသည့်မြို့နယ်က ခြောက်မြို့နယ်၊ ယှဉ်ပြိုင်ကြသည့်သူက ၃၆ ဦး။ အချိုးချရလျှင် တစ်မြို့နယ်လျှင် ခြောက်ဦး။

သို့သော်လည်း ပြဋ္ဌာန်းထားသည့်  ဥပဒေ၊ နည်းဥပဒေများဖြင့် စိစစ်ခဲ့ရာ ၃၅ ဦး ကျန်ရှိခဲ့သည်။ ယခင်တစ်ကြိမ် ပြုလုပ်ခဲ့ သည့် စည်ပင် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင်တော့ ယှဉ်ပြိုင်သူ ဦးရေက သုံးဆခန့်  တက်လာခြင်းပင်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များကို ပွင့်လင်းမြင်သာစွာ ရွေးကောက် တင်မြှောက်သည့် ပွဲကို ၂ဝ၁၅  ခုနှစ်တွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသူများကို စိစစ်ရာ မြို့နယ်ခြောက် မြို့နယ်အတွက် ယှဉ်ပြိုင်သူ ၁၃ ဦး ရှိခဲ့သည်။

၂ဝ၁၆ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် နောက်ဆုံးပိတ် ကိုယ်စားလှယ်များမှာ မဲဆန္ဒ နယ် (၁) အောင်မြေသာစံမြို့နယ်တွင် ငါးဦး၊ မဲဆန္ဒနယ်၊ (၂)  ချမ်းအေးသာစံမြို့နယ်တွင် ခြောက်ဦး၊ မဲဆန္ဒနယ်၊ (၃) မဟာအောင်မြေ မြို့နယ်တွင် ၁၂ ဦး၊ မဲဆန္ဒနယ်၊ (၄) ချမ်းမြသာစည်မြို့နယ်တွင် ခြောက်ဦး၊ မဲဆန္ဒနယ်၊ (၅) ပြည်ကြီးတံခွန်မြို့နယ်တွင် သုံးဦး၊ မဲဆန္ဒနယ်၊ (၆) အမရပူရမြို့နယ်တွင် သုံးဦးဖြင့် စုစုပေါင်း ၃၅ ဦး ဖြစ်သည်။ 

ထူးခြားသည်က ၂ဝ၁၅ ခုနှစ် စည်ပင် ကော်မတီဝင် ရွေးပွဲတွင် မဟာအောင်မြေမြို့နယ်မှ ယှဉ်ပြိုင်သူ တစ်ဦးတည်းသာ ရှိသဖြင့် ယင်းမြို့နယ်တွင် ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရခြင်း မရှိဘဲ အလိုအလျောက် ရရှိခဲ့ပြီး ယခု ဒုတိယအကြိမ်အတွက်မူ ယှဉ်ပြိုင်သူမှာ ၁၂ ဦးထိဖြင့် အများဆုံး ဖြစ်ခဲ့သည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ဖွဲ့စည်းပုံအရ မြို့တော်ဝန်၊ ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် ကော်မတီဝင် ကိုးဦးရှိသည်။

ယင်းတို့အနက် အတွင်းရေးမှူးနှင့် ကော်မတီဝင် လေးဦးကို တိုင်းဒေသကြီး အစိုးရက ခန့်အပ်ခွင့် ရှိသည်။ 

ရွေးကောက်ပွဲမှ တစ်မြို့နယ်လျှင် တစ်ဦးကျ ရွေးချယ်ပြီး ဒုတိယ မြို့တော်ဝန်နှင့် ကော်မတီဝင် ငါးဦးကို ရွေးချယ်သွားမည် ဖြစ်သည်။

လက်ရှိ ရွေးကောက်ပွဲအတွက် မြို့နယ် ခြောက်မြို့နယ်မှ ၃၅ ဦး ယှဉ်ပြိုင်ပြီး ခြောက်ဦး ရွေးချယ်မည် ဖြစ်သည်။

ဘာအတွက် ပြိုင်ကြတာလဲ

ပြည်သူတို့အတွက် လုပ်ဆောင်ပေးလိုသဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ကော်မတီဝင်အဖြစ် ရွေးချယ်ခံရပါက မြို့နယ် အကြံပေး ကော်မတီ ဖွဲ့စည်းပြီး လူထုအသံကို နားထောင်ကာ အကောင်းဆုံး ဆောင်ရွက်သွားမည်ဟု မဟာအောင်မြေမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်သည့် ဦးကျော်ဇောအောင်က ပြည်သူများကို သတင်းစကား ပါးသည်။

“အဂတိတရား ကင်းကင်းနဲ့ ဆောင်ရွက်ပါမယ်လို့ ကိုယ့်ကိုယ်ကိုယ် အာမခံပါတယ်”ဟု ၎င်းက ကတိပြု ပြောကြားသည်။

ချမ်းအေးသာစံမြို့နယ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးကျော်ဇေယျကမူ အဓိက ရေမြောင်းစနစ် ကောင်းမွန်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

မိုးရွာသွန်းလျှင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွား တတ်သည့်အတွက် ရေမြောင်းစနစ် ကောင်းမွန်ရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အမှိုက်သိမ်းယာဉ် ပုံမှန် မရောက်ခြင်းနှင့် အမှိုက်သိမ်း စနစ်ကို ပြောင်းလဲ ပေးချင်ကြောင်း ၎င်းက မဲဆွယ် စကား ပြောသည်။

ထို့ပြင် “လာဘ်စားတာတွေ မလုပ်ဘူး။ ပြည်သူ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ချင်လို့ပါ”ဟု သူ့ဆန္ဒကို ပြောဆိုလေသည်။ 

ချမ်းမြသာစည်မြို့နယ် ကော်မတီဝင်လောင်း ဦးအောင်နိုင်စိုးကမူ စည်ပင် ကော်မတီကို ပြည်သူ့ဝန်ဆောင်မှု ပေးသော အဖွဲ့အစည်းအဖြစ် ပြုပြင် ပြောင်းလဲလိုသူ ဖြစ်သည်။ မန္တလေးမြို့တော်ကို ကမ္ဘာ့ခေတ်မီ  မြို့တော်များ၏ အင်္ဂါရပ်နှင့် လျော်ညီသော မြို့ပြစနစ်၊ ပို့ဆောင်ရေးစနစ်၊ သန့်ရှင်းရေး စနစ်နှင့် သဘာဝ ပတ်ဝန်းကျင်ကို အလေးထား တန်ဖိုးထားသော Green City ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ချင်သည်ဟု သူ၏ အောင်နိုင်ရေး လက်ကမ်းတွင် ဖော်ပြထားသည်။

ကိုယ်စားလှယ်လောင်း၏ စစ်တမ်း

မဟာအောင်မြေမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် ကော်မတီဝင်လောင်း ဦးခင်မောင်ထွန်းက မန္တလေးမြို့တော် စည်ပင်သာယာ လှပရေး စစ်တမ်းကို ကောက်ယူထားသည်။ မဟာအောင်မြေမြို့နယ်အတွင်း ၁၈ ရပ်ကွက်မှ အိမ်ထောင်စု ၃၁၈ စုကို ကောက်ယူထားခြင်း ဖြစ်ပြီး ၉၉ ရာခိုင်နှုန်း ခန့် မှန်ကန်ကြောင်း ဆန်းစစ် တွေ့ရှိရသည်ဟု  ၎င်းက ဆိုသည်။ 

ထိုစစ်တမ်းကို အခြေခံ၍လည်း ကော်မတီဝင်အဖြစ် ဝင်ရောက် ရွေးချယ်ခံရခြင်းဖြစ်သည်ဟု ပြောသည်။

ယင်းစစ်တမ်းအရ ၄ဝ ရာခိုင်နှုန်းသော ပြည်သူတို့မှာ ရေမြောင်းများတွင် အမှိုက် ပိတ်ဆို့မှု၊ ရေစီးရေလာ မကောင်းမှုနှင့် ဆိုးဝါးသည့် အနံ့အသက်တို့ကို ခံစားနေရကြောင်း၊ ၅၃ ရာခိုင်နှုန်းသော မိသားစုတို့မှာ မိလ္လာပိုက်/ကန် ယိုစိမ့်ခြင်း၊ ယင်း ယိုစိမ့်မှုများကြောင့် ပတ်ဝန်းကျင်တွင် အနံ့အသက် မကောင်းခြင်း၊ မိလ္လာကန်များ လျှံသည့်အခါ လာရောက် စုပ်ယူပေးသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အခက်အခဲများ ရှိနေသေးကြောင်း၊ ၅၁ ရာခိုင်နှုန်းသော  ပြည်သူတို့မှာ လမ်းဘေးဝဲယာ ပလက်ဖောင်းတို့မှာ ဈေးဆိုင်ခန်းများ ကျူးကျော်နေမှု၊ ပျက်စီးနေမှုတို့ကြောင့် အသုံးပြုရန် ခက်ခဲခြင်း၊ ၅၇ ရာခိုင်နှုန်းသော ပြည်သူတို့မှာ လမ်းဘေး ဈေးဆိုင်များအတွက် နေရာ သတ်မှတ်ခြင်းနှင့် ယင်းဆိုင်များမှ အမှိုက်များကို စနစ်တကျ စွန့်ပစ်စေလိုကြောင်း စသည်ဖြင့် အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။

ယင်းစစ်တမ်းမှာ မဟာအောင်မြေမြို့နယ်ကို အခြေပြု ကောက်ယူထားသော်လည်း အခြားသော မြို့နယ်များတွင်လည်း ထိုနည်းနှင်နှင်ပင်။ စည်ပင်၏ ဌာနဆိုင်ရာအလိုက် ကြီးကြပ် ကွပ်ကဲမည့် ကော်မတီဝင်များအနေဖြင့် အထက်ဖော်ပြပါ စစ်တမ်းကို ဥပမာယူ၍ ဖြေရှင်းကြရမည် ဖြစ်သည်။

၎င်းအနေနှင့် ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်း မခံရလျှင်လည်း စစ်တမ်းပါ ပြဿနာများကို ကူညီ ဆောင်ရွက်ပေးမည်ဟု ဦးခင်မောင်ထွန်းက ဆိုလေသည်။ 

ကိုယ်စားလှယ်လောင်းတို့ အခက်အခဲ ၂ဝ၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး လက်ရှိ အစိုးရသည် ပင်နီအစိုးရဟု ပြောဆို၍ ရသည်အထိပင် ဖြစ်ခဲ့သည်။ 

ယခု စည်ပင် ကော်မတီဝင်လောင်းများတွင်လည်း NLD ပါတီမှ အများအပြား ဝင်ရောက် ယှဉ်ပြိုင်မှု ရှိခဲ့ပြီး လက်ကမ်းစာစောင်များတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် အဆိုအမိန့်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တွဲရိုက်ထားသည့် ဓာတ်ပုံများ ပါဝင်နေသည့် အပေါ်တွင် ဝေဖန်မှုအချို့လည်း ရှိနေခဲ့သည်။

ယင်းအပြင် တစ်မြို့နယ်ထဲ ပါတီဝင် သုံးယောက်ခန့်အထိ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ 

မဲဆွယ် စည်းရုံးရာတွင် အခက်အခဲ အချို့ ရှိသည်ဟု ကိုယ်စားလှယ်လောင်း အချို့က ပြောဆိုကြသည်။ ရပ်ကွက် ရာအိမ်မှူးတို့က ၁ဝ အိမ်တွင် နှစ်အိမ်ခန့်သာ မဲစာရင်း ပေးဝေခြင်းမျိုး ရှိပြီး မဲမပေးလည်း ရသည်ဟု ပြောဆိုမှုမျိုး ရှိနေကြောင်း ဦးကျော်ဇေယျက ပြောပြသည်။

မဲဆန္ဒရှင် ပြည်သူများ သိရှိရန် ဗီနိုင်း ကြော်ငြာများကို ကပ်ထားပြီး စက်တင်ဘာလ ၁၂ ရက်နေ့အထိ အချပ် ၇ဝ ခန့် ဖြုတ်ချခံခဲ့ရကြောင်း မဟာအောင်မြေ ကော်မတီဝင်လောင်း ဦးကျော်ဇောအောင်က ဆိုသည်။

ယင်းအပြင် တိုင်းဒေသကြီး အစိုးရမှ ခန့်အပ်သည့် ကော်မတီဝင်များတွင် စာရေးဆရာ တစ်ဦးလည်း ပါဝင်ပြီး ယင်းနှင့် ပတ်သက်၍ အချင်းချင်းကြား ဝေဖန်မှုတို့ ရှိနေသည်။ စာရေးဆရာဆိုတာ စာပေဖန်တီးဖို့ပဲဟု မန္တလေး မြို့ခံ စာရေးဆရာ တစ်ဦးက မှတ်ချက်ပြုသည်။

ကော်မရှင်က သတိပေးရ

မဲဆွယ် စည်းရုံးကြရာတွင် အချို့က ခေတ်မီစွာပင် လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုကြပြီး တရားဝင် မဲဆွယ်ရက် မတိုင်မီကပင် မဲဆွယ် နေကြသူများလည်း ရှိသည်။ အချို့ကလည်း မော်တော်ယာဉ်တန်းများဖြင့် လှည့်လည် မဲဆွယ်သည်။ လိုက်ပါ ဝန်းရံသူ အပေါင်းဖြင့် စည်ကားသည်။ ယင်းအထဲတွင် ပါတီပုံရိပ်ကို ယူသူအချို့လည်း ရှိသည်။ 

ကောင်မတီဝင်လောင်းအချို့ လှည့်လည် စည်းရုံးရာတွင် သင်္ကြန်သံချပ်ကားများကဲ့သို့ အော်ဟစ် ဆူညံစွာ လှည့်လည်ခြင်း၊ ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာ ဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်ချက်အရ စည်းကမ်းချက်များကို ထပ်မံ ထုတ်ပြန်ခဲ့ရသည်။

မဲဆွယ်ခြင်းကို နေ့စဉ် နံနက် ၈ နာရီမှ ည ၈ နာရီအတွင်းသာ ဆောင်ရွက်ရန်၊ လှည့်လည် စည်းရုံးမည့် ယာဉ်အရေအတွက်၊ သွားရောက်မည့် လမ်းကြောင်းကို နှစ်ရက်ကြိုတင် တင်ပြရန်နှင့် သတ်မှတ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အတိုင်း မောင်းနှင် သွားလာပြီး အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်လှစ်ခြင်း၊ စည်းရုံးရေး ယာဉ်နှင့်အတူ ယာဉ်ပေါ် ယာဉ်အောက် ပါလာသူများမှ ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်စေနိုင်လောက်သည်အထိ သံပြိုင် အော်ဟစ် ဆူညံစွာ စည်းရုံးခြင်းများ မပြုလုပ်ရန်၊ နေ့စဉ် မဲဆွယ်စည်းရုံးမည့် အစီအစဉ်များကို သက်ဆိုင်ရာ မြို့နယ် ထွေအုပ်ရုံးသို့ တင်ပြရန်၊ စုဝေး ဟောပြောမည့် အစီအစဉ်နှင့် စီတန်း လှည့်လည်မည့် အစီအစဉ်ကို ခွဲခြား တင်ပြရန်၊ အသံချဲ့စက် အသုံးပြုခွင့်ကို သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးများထံမှ ခွင့်ပြုချက် ရယူ ဆောင်ရွက်သွားရန် စသည်ဖြင့် ထုတ်ပြန်ခဲ့သည်။

မဲ ဘယ်လို ပေးရမလဲ

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးနိုင်ရန်က အရေးကြီးသည်။ တရားဝင် အိမ်ထောင်စု စာရင်း ပုံစံ (၆၆/၆) ဖြင့် နေထိုင်သည့် အိမ်ထောင်စု တစ်စုလျှင် ဆန္ဒမဲ တစ်မဲ ပေးပိုင်ခွင့်ရှိပြီး နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို ရွေးချယ်နိုင်သည်။

ယင်းအတွက် တောင်းဆိုလွှာ ပုံစံ (၂)ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုကော်မရှင်ရုံးများတွင် တောင်းယူရမည်ဟု ကော်မရှင်က ကြေညာထားသည်။

ယင်းသို့ တောင်းယူ ဖြည့်စွက်ပြီး မဲဆန္ဒရှင် အမည်စာရင်း ပုံစံ (၃) တွင် ပါရှိရမည်ဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်တွင် ပြုလုပ်မည့် စည်ပင် ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲရုံများထံ လာရောက်၍ မဲပေးကြရမည် ဖြစ်သည်။ မဲပေးရာတွင် မဲပေးလိုသည့် ကော်မတီဝင်လောင်း၏ အမည် တည့်တည့် လေးထောင့်ကွက်ထဲတွင် အမှန် ခြစ် အမှတ်အသားကို ဘောပင်ဖြင့် ထင်ရှားစွာ ရေးခြစ်ရမည်ဖြစ်ပြီး တစ်ဦးထက် ပို၍ မဲပေး၍ မရချေ။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က မိမိတို့နှင့် ငါးနှစ်တာ လက်တွဲ လုပ်ဆောင်ရမည့် ကော်မတီဝင်များသည် ဒေသချစ်စိတ်၊ အများအကျိုး ဆောင်ရွက်လိုစိတ်တို့ ရှိရန် လိုအပ်ကြောင်း ပြောဆိုထားသည်။

ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၇ ရက်မှ ၂၃ ရက်နေ့ထိ ခွင့်ပြုပေးခဲ့ပြီး စက်တင်ဘာလ ၂၅ ရက် (တနင်္ဂနွေနေ့) တွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။

လက်ရှိ အချိန်တွင် ကော်မတီဝင်လောင်းများ အနေဖြင့် အပြိုင်အဆိုင် မဲဆွယ် စည်းရုံးခြင်းများ ပြုလုပ်နေကြပြီး ၎င်းတို့ အနေနှင့် ရွေးချယ် ခံခဲ့ရလျှင် လူထုကို ပြောခဲ့သည့် ကတိစကားများ တည်ရန် လိုအပ်သည်ဟု မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်နေ ဦးကျော်ကျော်စိုးက မန္တလေး ပြည်သူများ ကိုယ်စား ပြောဆိုလေသည်။

ရဲဝင်းနိုင်၊​မြတ်(ကလေး)



FOLLOW US