News

POST TAGGED AS

မန္တလေး

ထီးလိုမင်းလိုဘုရားတွင် ကျောက်ချောလမ်းခင်း

မန္တလေး၊ ဖေဖော်ဝါရီ ၁၅

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ထီးလိုမင်းလို ဘုရားအနီးတွင် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ပေ ၂၀၀ အရှည်ရှိ ကျောက်ချောကားလမ်းခင်းလျက်ရှိသည်။

ဘုရားဖူးကားများ လွယ်လင့်တကူ ဝင်ထွက်သွားလာနိုင်ရန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစ၍ ကွန်ကရစ်အောက်ခံ ကျောက်ချောလမ်း ခင်းနေခြင်းဖြစ်ကြောင်း၊ သုံးလက်မထုနှင့် လမ်းအကျယ် ၂၄ ပေ၊ လမ်းအလျား ပေ၂၀၀ ခန့်ရှိမည့် ယင်းလမ်းကို ဘုရားဘဏ္ဍာငွေ ကျပ်သိန်း ၃၀၀ ခန့်ဖြင့် အကုန်အကျခံ ပြုလုပ်မည်ဖြစ်ပြီး မတ်လနောက်ဆုံးပတ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း ထီးလိုမင်းလို ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်လှဦးက ပြောကြားသည်။

ကွန်ကရစ်လမ်းခင်းနိုင်ရန်အတွက် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်) သို့ ခွင့်ပြုချက် တောင်းခံခဲ့ရာတွင် ခွင့်ပြုပေးခဲ့သဖြင့် လမ်းခင်းနေခြင်းဖြစ်သည်ဟု ၎င်းကပြောဆိုသည်။ 

“အစိုးရခွင့်ပြုချက်နဲ့ လုပ်တာဖြစ်ပါတယ်။ ဘုရားဖူးကားတွေက ဘုရား အဝင်လမ်းဘေးမှာပဲ ရပ်တာဆိုတော့ ဧည့်သည်ကျတဲ့အချိန်မှာ လမ်းပိတ်တယ်။ အခုလို လုပ်လိုက်တော့ လမ်းမပိတ်တော့ ဘူး။ ဒီအနီးအနားက ဘုရားတွေမှာ လမ်း ကျပ်ရင် ကျွန်တော်တို့ကားကွင်းမှာ လာ ရပ်ထားလို့ရတာပေါ့။ ကားကွင်းတစ်ခု လုံးကို ခင်းတာမဟုတ်ပါဘူး။ လမ်းကိုပဲ ကွန်ကရစ်ခင်းတာ”ဟု ဦးတင်လှဦးက ရှင်းပြသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ အာနန္ဒာဘုရား တောင်ဘက်မုခ်တွင်လည်း ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက ကွန်ကရစ် လမ်းခင်းနေခြင်းကို ဒေသခံများက ကန့်ကွက်ခဲ့သဖြင့် လုပ်ငန်းရပ်ဆိုင်းခဲ့ရဖူးသည်။

“ကျွန်တော်တို့ ခွင့်ပြုထားပါတယ်။ ဒီလိုလုပ်တာက အများကြီး မထိခိုက်ပါဘူး။ ကားအဝင်အထွက်ကောင်းအောင် လုပ်တဲ့နေရာမှာ စနစ်တကျဖြစ်အောင် လုပ်တာဖြစ်ပါတယ်။ အခြားသော ကမ္ဘာ့အမွေအနှစ် ဆိုက်တွေမှာလည်း ဒီလိုပဲ လုပ်ထားကြတာပဲ။ ယဉ်ကျေးမှုဇုန် စီမံခန့်ခွဲမှု Plan အရ ကတ္တရာလမ်းတို့ ကွန်ကရစ်လမ်းတို့ လုပ်လို့ရပါတယ်။ အဲဒီလိုလုပ်တဲ့အတွက် ယူနက်စကို တင်ထားတဲ့အပေါ်မှာ မထိခိုက်ပါဘူး”ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ 

အာနန္ဒာ တောင်ဘက်မုခ်အဝင်လမ်းကို ကွန်ကရစ်အောက်ခံအဖြစ် ပြုလုပ်ခြင်း၊ သဗ္ဗညုဘုရားတောင်ဘက်ရှိ ယာမြေကို မော်တော်ယာဉ်ရပ်နားစခန်းအဖြစ် သတ်မှတ်၍ အောက်ခံကွန်ကရစ်ခင်းကာ ကျောက်စီခြင်း၊ ထီးလိုမင်းလို ဘုရားမြောက်ဘက်ယာမြေပေါ်တွင် မော်တော်ယာဉ် ရပ်နားစခန်းအဖြစ် သတ်မှတ်လုပ်ဆောင်ခြင်းသည် ယဉ်ကျေးမှု အမွေအနှစ် များစွာ စုဝေးတည်ရှိနေသည့် အနေအထားနှင့် လိုက်ဖက်မှု မရှိကြောင်း ဒေသခံအချို့က ထောက်ပြပြောဆိုသည်။

ဂေါပကတွေအနေနှင့် ယာမြေများကို ဝယ်ယူကာ ကားကွင်းပြုလုပ်ခြင်းကို လက်ခံသော်လည်း ကွန်ကရစ်လမ်း မခင်းသင့်ကြောင်း၊ ရှေးဟောင်းဘုရားများနှင့် ခေတ်သစ်ပြင်ဆင်မှု မလိုက်ဖက်ကြောင်း၊ ယင်းကြောင့် ထီးလိုမင်းလို ဘုရားအနီးတွင် ကွန်ကရစ်လမ်းခင်းခြင်းကို လက်မခံကြောင်း SAVE THE BAGAN အင်အားစု အဖွဲ့ခေါင်းဆောင် ဦးမျိုးဆက်စံကပြောကြားသည်။

M-05



FOLLOW US