News

POST TAGGED AS

မန္တလေး

ပုဂံဘုရားများတွင် ဈေးသည်စာရင်းစကောက်


မန္တလေး၊ ဖေဖော်ဝါရီ ၁၃

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများတွင် ဈေးရောင်းချနေသော ဈေးသည်များကို စနစ်တကျနေရာချထားပေးနိုင်ရန် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကစ၍ စာရင်းကောက်ယူကြောင်း စာရင်းကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ညောင်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရှေးဟောင်းဘုရား ၁၇ ဆူ၌ ရောင်းချနေသောဈေးဆိုင်များ စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း၊ ဈေးဆိုင်များကို စနစ်တကျနေရာပြန်လည်ချထားပေးနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေး၊ ဘုရားဂေါပကများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကောက်ယူနေခြင်းဖြစ်ကြောင်း စာရင်းကောက်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစန်းထွန်းက ပြောကြားသည်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားများတွင် စည်းကမ်းမဲ့ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းများကို စာရင်းကောက်ယူရန် စာရင်းကောက်ယူရေးအဖွဲ့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားကောက်ယူသွားမည်ဖြစ်သည်။

“လက်ရှိအနေအထားမှာက တချို့ဘုရားတွေမှာ ဂေါပကတွေဖွဲ့ပြီးနောက် ဘုရားပရိဝုဏ်အပြင်ဘက် ရောက်သွားတာမျိုးတွေရှိတယ်။ ဘယ်နေရာမှာ ချထားပေးမယ်တော့မသိဘူး။ သူတို့ချပေးမယ့်နေရာမှာ ဈေးရောင်းရတာ အဆင်မပြေရင် ကျွန်တော်တို့လို ဈေးသည်တွေ စားဝတ်နေရေး အခက်အခဲဖြစ်သွားနိုင်တယ်”ဟု မြင်းကပါရွာရှိ ဂူပြောက်ကြီးဘုရားတွင် သဲပန်းချီရောင်းချနေသည့် ဦးဝင်းကြည်က ပြောကြားသည်။ 

ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘုရားဂေါပကများပါဝင်သည့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း၊ ပြန့်ကြဲနေသော ဈေးသည်များကို ဘုရားကားကွင်းများနှင့် ရှုခင်းကြည့်တောင်ကုန်းများဆိုင်ခန်းများ ဆောက်လုပ်ကာ နေရာချထားပေးမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထီးလိုမင်းလို ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်လှဦးက ပြောဆိုသည်။

M-05



FOLLOW US