News

POST TAGGED AS

မန္တလေး

ဈေးဟောင်းမှ ပျံကျဈေးသည်များ ဈေးသစ်ကို မရွှေ့ပါက အရေးယူမည်


ဘားအံ၊ ဖေဖော်ဝါရီ ၁၂

ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ဝါဆိုဦးဈေးဟောင်းမှ ပျံကျဈေးသည်များက အသစ်တည်ဆောက်ထားသော မဲဘောင်ဈေးသို့ တစ်လအတွင်း မပြောင်းရွှေ့ပါက အရေးယူမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်က ပြောသည်။ 

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ဆိုင်ခန်း ၄၃၀ ဖြင့် မဲဘောင်ဈေးကို ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းအပြင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က ပျံကျဈေးသည်များကို ဈေးရောင်းချရန်အတွက် နေရာ ၂၂၅ နေရာကို အသစ်တိုးချဲ့ကာ ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းကြောင့် ဈေးဟောင်းမှ ပျံကျဈေးသည်များကို အမြန်ဆုံး လာရောက်ရောင်းချရန် တိုက်တွန်းထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“ဒီဈေးမှာ ပျံကျဈေးအတွက် ရောင်းချဖို့နေရာကျဉ်းပါတယ်၊ မူလနေရာမှာပဲ ပြန်လည်ရောင်းချခွင့်ပြုပါလို့ စာတင်လာတာရှိတယ်၊ ဒါကြောင့် ဒီဈေးသစ်ကို တည်ဆောက်ခဲ့ပါတယ်၊ စည်ပင်ဥပဒေအရတော့ ဈေးဟောင်းကို ဖျက်သိမ်းပြီး ဈေးသစ်ကို ပြဋ္ဌာန်းခဲ့တယ်ဆိုရင်တော့ ဈေးအဟောင်းနေရာမှာ လုံးဝရောင်းချခွင့် မရတော့ပါဘူး”ဟု ၎င်းက ဆက်ပြောသည်။

ပျံကျဈေးနေရာတွင် ဖေဖော်ဝါရီလ ၂ ရက်ကတည်းက လာရောက်ရောင်းချသော်လည်း အရောင်းအဝယ် မကောင်းကြောင်း၊ ဈေးဟောင်းနေရာမှ ဈေးသည်များ လာရောက်ရောင်းချပါက အဆင်ပြေမည်ဖြစ်ကြောင်း ပျံကျဈေးသည် မငုဝါက ပြောကြားသည်။ 

ဈေးသစ်သို့ ပြောင်းရွှေ့လာသော်လည်း ဈေးဝယ်သူများက ဈေးသစ်တွင် အလာနည်းပြီး ဘားအံမြို့မဈေးကိုသာ သွားရောက်ကြကြောင်း၊ ဈေးသစ်တွင် ရောင်းအားထက်ဝက်ကျော် ကျဆင်းသဖြင့် ကြာရှည်ရပ်တည်ရန် မလွယ်ကြောင်း သား၊ ငါး ရောင်းချသူ မလှခိုင်က ပြောသည်။ 

ဈေးဟောင်းမှာ ယခင်က ရပ်ကွက်ပျံကျဈေးငယ်အဖြစ် တည်ရှိခဲ့ပြီး လူနေထူထပ်လာသောအခါ လူနေရပ်ကွက်အင်္ဂါရပ်နှင့် မညီညွှတ်သည့်အတွက် ၂၀၁၆ ခုနှစ်တွင် မဲဘောင်ဈေးသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ သို့သော် ပျံကျဈေးသည်များက လာမရောင်းသဖြင့် မဲဘောင်ဈေးသစ်ကို ပျံကျဈေးသည်များအတွက် တိုးချဲ့တည်ဆောက်ကာ လာရောက်ရောင်းချစေခြင်းဖြစ်ကြောင်း ဘားအံမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနထံမှ သိရသည်။

R-17



FOLLOW US